မကွေးတိုင်း၊ မြိုင်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံကျေးရွာတွေက ပြည်သူတသောင်းခွဲကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ မြိုင်မြို့ကနေစထွက်ခဲ့ပြီး မြိုင် စက်မှု ၂ မှာ တထောက်နားပြီးနောက် ဇန်နဝါရီ ၂၅ ရက်မှာတော့ သရက်ကန်ပျူရွာဘက်ကို သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်ပြီး စက်မှု ၂ အနီးက ကုန်းရွာ၊ ချောင်းဦးတိုရွာနဲ့ ပေပင်တိုက်ရွာက ပြည်သူတွေက စရှောင်ရတယ်။ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ကတော့ ကုန်းရွာ၊ ဝက်ပုတ်၊ ပေပင်တိုက်၊ အိုင်းမ၊ ချောင်းဦးတို၊ ရွာတန်းရှည်၊ ဆယ်ပြားစတဲ့ပြည်သူတွေ စစ်ကြောင်းထပ်ရှောင်နေကြရပါတယ်ဗျ။ ခန့်မှန်းခြေ ကျေးရွာ ၁၀ ရွာက ပြည်သူတသောင်းခွဲကျော် နေရပ်စွန့်ခွာနေကြရပါတယ်” လို့ ပြောပါတယ်။
အခုလို ဆောင်ရာသီအတွင်း စစ်ဘေးရှောင်ကြရတာကြောင့် စစ်ရှောင်တွေ အအေးမိတာ၊ ဖျားနာတာတွေဖြစ်နေကြပြီး ဆေးဝါးလိုအပ်နေတယ်လို့လည်း သိရပါတယ်။
အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က “တိုက်ပွဲကတော့ မနက်ခင်းပိုင်းအထိတော့ ဖြစ်တဲ့အသံ မကြားရသေးဘူးဗျ။ စစ်ကြောင်းက မြိုင်မြို့ကနေ မုံရွာ-ပုသိမ်လမ်းမအတိုင်း သရက်ကန်ပျူရွာ၊ အဲကနေမှ တွင်းမပျူရွာ၊ အဲကနေမှ ကမ္မ၊ ကမ္မကနေမှ ပခုက္ကူကို ပြန်မယ်လို့ ခန့်မှန်းရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြိုင်မြို့နယ်၊ ကန်နီပျူရွာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြားသေဆုံး ဒဏ်ရာရခဲ့ပါသေးတယ်။