အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲတွေအတွင်း လက်ဘနွန်တောင်ပိုင်းရှိ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်စွန့် စစ်ဘေးရှောင် လက်ဘနွန်နိုင်ငံသားတချို့ဟာ ဇန်နဝါရီ ၂၃ ရက်က နယ်စပ်ရှိ နာကိုရာနဲ့ ခီအမ်းမ် ကျေးရွာတွေဆီ ပြန်ရောက်လာခဲ့ကြပါတယ်။
ပြန်လည်ရောက်ရှိလာကြတဲ့ ဒေသခံတွေဟာ တစိတ်တပိုင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အလုံးစုံ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်ဆောက်လုပ်မယ်လို့ ပြောဆိုကြပါတယ်။
နာကိုရာမြို့မှ ရီမာ အယ်လ်-ဆယစ်ဒ်က “ဒါဟာ ပထမဆုံးအကြိမ် ကြုံရတာမျိုးမဟုတ်ဘဲ စစ်ပွဲတိုင်းမှာ ဒီလိုဖြစ်နေကျပဲ။ လူငယ်တွေရဲ့ စိတ်ပိုင်းဖြတ်မှုကြောင့် မြို့ရွာတွေကို အရင်ကထက် ပိုကောင်းအောင် ပြန်တည်ဆောက်ပြီးတော့ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ” လို့ ပြောပါတယ်။
ခီအမ်းမ် ဒေသခံ အီဘရာဟင်မ် ဟိုင်ဒါ ကလည်း သူတို့ ဒီကနေ ထွက်သွားရတာ တနှစ်ခွဲလောက်၊ ၁ နှစ်နဲ့ ၄ လ ရှိသွားပြီး အခုတော့ ဘုရားသခင်ကျေးဇူးကြောင့် ဖြစ်ပျက်ခဲ့သမျှကိုလည်း မြင်တွေ့ခွင့်ရခဲ့ပြီးတော့ ဘေးရန်အန္တရာယ် ကင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက် လျော်ကြေးပြန်ရဦးမယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီးနောက်မှ တနှစ်ကျော်ကြာ တိုက်ပွဲတွေ အဆုံးသတ်သွားခဲ့ပါတယ်။
သဘောတူညီချက်အရ လာမယ့် ဇန်နဝါရီ ၂၇ ရက်မှာ ပြီးဆုံးမယ့် ရက်ပေါင်း ၆၀ ကာလမှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်မှ ဆုတ်ခွာသွားမှာဖြစ်ပြီး ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေဟာ လက်ဘနွန်တောင်ပိုင်းမှ ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်မှာတော့ အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည် မဖော်နိုင်သေးဘူးလို့ ပြောပါတယ်။
ဟဇ်ဘိုလာကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ရက် ၆၀ သက်တမ်း ကုန်ဆုံးသွားချိန်မှာ အစ္စရေးဟာ လက်ဘနွန်ကနေ လုံးဝဆုတ်ခွာသွားရမှာဖြစ်ပြီး လက်ဘနွန်နိုင်ငံဟာ ဆုတ်ခွာရေးအတွက် အာမခံချက်ပေးဖို့ တွန်းအားပေးသင့်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ကလည်း လုပ်ငန်းစဉ်အဆင့်ဆင့် တိုးတက်လုပ်ဆောင်နေခြင်းကို လိုက်နာနေပြီးတော့ သဘောတူညီချက်ကို ချိုးဖောက်ရင်တော့ လက်ခံမှာမဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters