မြန်မာပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ဟာသတခုလို ဖြစ်နေတယ်လို့ မြေပြင်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေနဲ့ ကူညီမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၇ ရက် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးပွဲ အမှာစကားမှာ ထည့်ပြောခဲ့တာပါ၊
“အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” စစ်ခေါင်းဆောင်က ပြောသွားခဲ့တာပါ။
ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ ကူညီမယ်ဆိုတာ ဟာသတခုသာပြီး မြေပြင်ကို ဘယ်လိုမှ ထိရောက်အောင် ကူညီနိုင်မှာမဟုတ်ဘူးလို့ နေရပ်စွန့်ခွာနေရသူ စစ်ရှောင် ပြည်သူလူထုတွေ အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းထဲ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေတဲ့ S &C မီးဘေးစစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့က တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
“စစ်ရှောင်တွေကိုကူညီမယ်ဆိုတာ လူထုကြားမှာတော့ ဟာသတခုလိုပဲ။ ကျနော့်အနေနဲ့ကတော့ သူတို့ ဂျုံတခင်းလုံး သိမ်းပြီးမှ ပေါင်မုန့်တထုပ် လာပေးတဲ့ အနေအထားပေါ့ဗျာ၊ ဒီအနေအထားကို ဘယ်သူမှ ကျေနပ်မှာမဟုတ်သလို စိတ်ဝင်စားမှာလည်း မဟုတ်ဘူး၊ စစ်ရှောင်တွေ ဒေသဆို စစ်ခွေးတွေ လာပြီ ဆိုရင်တောင်မှ ထွက်ပြေးနေတဲ့ အနေအထားမှာ သူတို့ ဘယ်လို အကူအညီမှလည်း ပေးလို့မရသလို သူတို့နဲ့က ရန်သူလို ဖြစ်နေပြီလေဗျာ၊ သေချာတာကတော့ သူတို့ စေတနာလည်း မပါဘူး၊ သူတို့ လုပ်ရပ်သည် လုံးဝ မအောင်မြင်နိုင်ဘူး၊ အရာရာ လွန်သွားပြီ အားလုံးလည်း လက်ခံမှာ မဟုတ်ဘူး။”
ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီကို လက်ခံရယူဖို့နဲ့ နိုင်ငံတကာမှ မျက်နှာရလိုမှုအတွက်သာ စစ်ခေါင်းဆောင် ပြောဆိုတာဖြစ်တယ်လို့ ဆက်ပြောပါတယ်၊
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရဲ့ “မြန်မာနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအရင်ခံစာအရ အခု ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေဟာ ၄ သန်းကျော်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ထောက်ပံ့ကူညီနေတဲ့ အရပ်ဖက်အဖွဲ့တွေ၊ NGO, INGO တို့ကို ကန့်သတ်တားဆီးတာတွေ လုပ်နေတယ်လို့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
CIDKP ဒုညွှန်ကြားရေးမှူး စောကယ်လီက “စစ်အစိုးရ လူသားချင်းစာနာမှုအထောက်အထားတွေ ပေးမယ် စိတ်ဝင်စားခဲ့မယ်ဆိုရင် လူသားချင်းစာနာထောက်ထားရေးပေးတဲ့ အဖွဲ့အစည်းတွေကို ဘာလို့ သူတို့ဒုက္ခတွေ အမျိုးမျိုးလိုက်ပေးနေရတာလဲ။ ဖမ်းဆီး ထောင်ချပြီးတော့ ပစ္စည်းသိမ်းတာတွေ ဘာလို့ လုပ်နေရသလဲ။ အဲဒါတွေက တကယ့် မေးခွန်းကြီးတခုပေါ့၊ ဒီတော့ သူတို့ပြောတာတွေက ကျနော့်အနေနဲ့တော့ လုံးဝလော့ဂျစ်မကျဘူး။ သူတို့ လုပ်နိုင်မှာလည်း မဟုတ်ဘူး”လို့ ပြောပါတယ်။
မြန်မာပြည်တွင်းစစ် ပဋိပက္ခဘေးနဲ့ သဘာဝဘေးဒဏ်ခံရတဲ့ ပြည်သူတွေအတွက် အာဆီယံနိုင်ငံတွေက လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီကနေ တဆင့် ပေးအပ်ခဲ့ပေမဲ့လည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အကူအညီပစ္စည်းတွေ လက်ခံရရှိခြင်း မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်ဦးရေဟာ ဒီဇင်ဘာ ၉ ရက်အထိကို ၃ သန်းခွဲရှိနေပြီး ကနဦးခန့်မှန်းချက် ၃ သန်းထက် အဆပေါင်းများစွာ ကျော်လွန်နေတယ်လို့ ဆိုထားပါတယ်။
ပြည်တွင်း အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ အပါအဝင် မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံရှိတဲ့ ၁၉ ဒသမ ၉ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာဖြစ်တယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝေဝေ