Home
မြန်မာသတင်း
ဧရာဝတီတိုင်း ကမ်းခြေဒေသနေပြည်သူများ ပုသိမ်မြို့ကို စစ်ဘေးရှောင် ခိုလှုံလာ 
DVB
·
January 21, 2025

ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသမှာ နေထိုင်တဲ့ ပြည်သူတွေဟာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့်  ပုသိမ်မြို့ကို  ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး စစ်ရှောင်ခိုလှုံလာကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ခံတယောက်က “အခုရက်ထဲ ရွှေသောင်ယံ၊ ချောင်းသာက မိသားစုတွေ ပုသိမ် ရောက်လာကြတယ်။ အဓိက တိုက်ပွဲ ရွှေသောင်ယံဘက်မှာ ဖြစ်နေတာ။ သူတို့နေရာ အချိန်မရွေး ရောက်လာနိုင်တာဆိုတော့ ကြိုတင် စစ်ရှောင်ကြတာပါ”လို့ ပြောပါတယ်။ 

ဇန်နဝါရီ ပထမအပတ်လောက်ကတည်းက ကမ်းခြေဘက်ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး   ချောင်းသာ စကားဝါတောင်မှာ တပ်လာစွဲထားပါတယ်။ လက်ရှိ ဝက်သေကျေးရွာနဲ့ ချောင်းသာမှာ စစ်သင်္ဘောတွေ အများကြီးရောက်ရှိနေပြီး ရွှေသောင်ယံမှာ တင့်ကားတွေ ပို့ထားသလို ကင်းထောက်လေယာဉ်တွေ ပတ်နေတယ်လို့ ချောင်းသာကမ်းနေ ဒေသခံတွေထံက သိရပါတယ်။

“ရွှေသောင်ယံက ဟိုရက်တွေထဲ ချောင်းသာ၊ ပုသိမ်ကို စစ်ရှောင်ကြတယ်။ တချို့ကုန်ကားတွေနဲ့ ပစ္စည်းသယ်ပြီး ရှောင်ကြတယ်။ ချောင်းသာဟိုတယ်တွေတချို့ ပစ္စည်းသယ်ပြီး ရှောင်တာတွေ လုပ်ကြတယ်”လို့  ချောင်းသာကမ်းခြေနေထိုင်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ကမ်းခြေ ဟိုတယ်တွေ မပိတ်ဖို့၊ ဈေးဆိုင်တွေ မပိတ်ဖို့ ဇန်နဝါရီ ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့လည်း ကမ်းခြေဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း အစပ်ရှိနေရာအချို့၊ ပွိုင့် (၃၆၉) ကုန်းနဲ့ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီး တိုက်ပွဲများဆက်လက်နေတယ်လို့   အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကတော့ စစ်မှုထမ်း တပ်သားသစ်တွေအနေနဲ့ စစ်တပ်အပေါ် သစ္စာရှိဖို့၊ ရန်သူ လက်တကမ်းမှာရောက်နေလို့ စစ်ပညာသင်ယူပြီး တိုက်ပွဲဝင်ဖို့ မှာကြားခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပုသိမ်မှာ ဧရာဝတီအတွင်း စစ်မှုထမ်းအမှတ်စဉ် ၉ အတွက် စုဆောင်းခံရတဲ့ စစ်မှုထမ်းလူငယ်တွေနဲ့ တွေ့ဆုံချိန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

Photo: MOI

ဧရာဝတီတိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူက “မင်းတို့တွေ ဘယ်လိုလူတွေကြောင့် စစ်တိုက်ရဖို့ ဖြစ်လာတယ်ဆိုတာ သိထားပေါ့နော် ပြောတာ။ AA နဲ့ PDF အပါအဝင် အကြမ်းဖက်သမားတွေကြောင့်လို့ ပြောတာ။ စိတ်ဓာတ်တွေကို စစ်ဆင်ပေးတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

စစ်မှုထမ်းတပ်သားတွေအနေနဲ့ စစ်ပညာသင်ယူဖို့ကလွဲလို့ တခြားကိစ္စတွေ ခေါင်းထဲမထည့်ဖို့၊ ရန်သူက လက်တကမ်းမှာ ရောက်နေလို့ စစ်ပညာကို စနစ်တကျ လေ့လာသင်ယူပြီး ပြန်လည်ချေမှုန်းဖို့၊ တပ်မတော်အပေါ် သစ္စာရှိဖို့နဲ့ တပ်မတော်သား ဖြစ်ရတာ ဂုဏ်ယူဖို့ပါ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံတယောက်က “သူ ပြောတော့ သူ့စကားပေါ့။ ဘယ်လိုလူတွေကြောင့် လူငယ်တွေ ဒုက္ခရောက်နေတယ်၊ သေဆုံးရတယ်၊ စာမသင်ရသလဲ၊ ထမင်းနပ်မမှန် ဖြစ်နေရလဲ၊ ပြောရင် အများကြီးပါ။ လူတိုင်း သိတယ်။ မသိရင်တော့ လူမဟုတ်လို့ပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက စစ်မှုထမ်း အပတ်စဉ် ၉ အတွက် စုဆောင်းခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ရှေ့အပတ်စဉ်တွေကလို ကိုယ်လက်အင်္ဂါ စုံ/မစုံ၊ အသက်၊ အရပ်၊ ကျန်းမာရေး၊ ပညာသင်ကြားခဲ့မှု မစစ်ဆေးတော့ဘဲ စစ်သင်တန်းတွေကို ပို့ပေးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပေးတဲ့ စစ်မှုထမ်း အပတ်စဉ် ၈ အထိ စစ်မှုထမ်းတပ်သား စုဆောင်းပေးနိုင်ဆုံးဆု ရရှိထားသူ တယောက် ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013