Home
မြန်မာသတင်း
ပုလော စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေ
DVB
·
January 22, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊​ ဆင်ထိုးကြီးကျေးရွာက အိမ်ခြေ ၂၀၀ ကျော် ၅ လနီးပါးကြာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆင်ထိုးကြီးရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ တိုင်းဗဟို ၁၂ ရှိတဲ့ ပလောက်မြို့နဲ့ ဆင်ထိုးကြီးရွာကြားက ဘုရင်တောင်ရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် ဆင်ထိုးကြီးရွာက အိမ်ခြေ ၃၀၀ ကျော် စစ်ရှောင်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ဘုရင်တောင်ရွာမှာ အင်အား ၇၀ ခန့် အထိုင်ချထားပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်ကတည်းက ရှောင်လာတာ ဘာမှလည်း လုပ်ကိုင်စားသောက်လို့ မရဘူး။ သူများရွာတွေမှာ အချိန်အကြာကြီးရှောင်ရတော့ အခက်အခဲဖြစ်လာတယ်။ စစ်တပ်(စကစ)ကလည်း စစ်ကြောင်းထိုးပြီး နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေ ယူတာအပြင် နေအိမ်တွေ ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။

ဆင်ထိုးကြီးကျေးရွာ ဒေသခံတွေဟာ ရော်ဘာ၊ ကွမ်းသီး စတဲ့ ဥယျာဥ်ခြံလုပ်ငန်း လုပ်ကိုင်ကြပြီး တိုက်ပွဲဖြစ်ကတည်းက အခုအချိန်ထိ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၂၃ ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013