Home
နိုင်ငံတကာ
ကွန်ဂိုနိုင်ငံတွင် M23 သူပုန်များ ထိုးစစ်ဆင်နေသဖြင့် အရပ်သားများ ထွက်ပြေးနေရ
DVB
·
January 26, 2025
Photo: Reuters

ကွန်ဂိုနိုင်ငံမှာ M23 သူပုန်တွေ ထိုးစစ်ဆင်နေပြီး   ဦးဆောင်နှိမ်နင်းနေတဲ့ မြောက်ပိုင်း ကီဗူးပြည်နယ်ရဲ့ စစ်အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ပီတာစီရင်မ်ဝါမီအန်ကူဘာဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အစိုးရစစ်တပ်ဟာ သောင်းကျန်းသူတွေကို ချေမှုန်းခဲ့တယ်လို့ အခိုင်အမာဆိုထားပေမဲ့ ရက်အတန်ကြာတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ ဂိုမာမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ ဆာကေ့မြို့က အခြေအနေကတော့ မရှင်းလင်းသေးပါဘူး။

သူပုန်တွေရဲ့ချီတက်လာမှုက ပိုပြီးနီးကပ်လာတာကြောင့် ဒေသခံတွေလည်း ပြင်ဆင်နေကြပြီး ပုံမှန်စည်ကားလေ့ရှိတဲ့မြို့မှာ လှုပ်ရှားမှုတွေ နည်းပါးနေပါတယ်။

သူပုန်တွေဟာ စစ်မျက်နှာစာ နှစ်ဖက်ဆီကို ချီတက်လာနေတာကြောင့် ထောင်သောင်းချီတဲ့လူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပိုကျယ်ပြန့်တဲ့ ဒေသတွင်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

မိသားစုတွေဟာ တိုက်ပွဲတွေဘေးကနေ ဆက်လက်ထွက်ပြေးနေရတာကြောင့် လူအများအပြားဟာ ယာယီစခန်းတွေနဲ့ ဂိုမာမြို့ရဲ့ လမ်းတွေပေါ်မှာ ခိုလှုံနေကြရပါတယ်။

အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်း ရဝမ်ဒါနဲ့ယူဂန်ဒါတို့ကို ပျံ့နှံ့သွားနိုင်တယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တွတ်စီ ဦးဆောင်တဲ့ M23 သူပုန်အဖွဲ့ဟာ သူ့ရဲ့ ၃ နှစ်ကြာ သူပုန်ထခဲ့မှုထက်ကို လတ်တလောလတွေအတွင်းမှာ အရင်ကထက် နယ်မြေပိုမိုသိမ်းပိုက်နိုင်ခဲ့တာပါ။

သူပုန်ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ ကွန်ဂိုမြစ်ကြောင်း မဟာမိတ်အဖွဲ့ (AFC) က လူဦးရေ ၁ သန်းကျော်ရှိတဲ့ ဂိုမာမြို့ကို သိမ်းယူဖို့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံရှိတဲ့ အစိုးရက သူပုန်တွေကို လူအင်အားနဲ့ လက်နက်တွေ ထောက်ပံ့နေတယ် လို့ ရဝမ်ဒါကို စွပ်စွဲထားပြီး ကီဂါလီအစိုးရကလည်း စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ တပတ်အတွင်းမှာ ရွှေ့ပြောင်းဒုက္ခသည် ဦးရေ ၄ သိန်းအထိ ၂ ဆတိုးလာခဲ့ပြီး ဆေးရုံတွေနဲ့ အကူအညီပေးရေး ဝန်ဆောင်မှုတွေကို ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကွန်ဂိုနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးတကြီး တောင်းဆိုခဲ့ပြီးတော့ အကျပ်အတည်းတွေက ပိုဆိုးလာတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ ဆောင်ရွက်ချက်တွေကို အပြစ်တင်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013