Home
မြန်မာသတင်း
စစ်တပ်က မိုးဗြဲကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ တာဝေးပစ် လက်နက်များဖြင့် ပစ်ခတ်
DVB
·
January 23, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသကို ပြန်လည်ထိန်းချုပ်ဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်နေတယ်လို့ ကရင်နီစစ်ရေး သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အခုလ ၁၉ ရက်ဝန်းကျင်ကစပြီး မိုးဗြဲဒေသကို စစ်ကောင်စီတပ် ခမရ ၄၂၂ ကတဆင့် အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေ အများအပြား ပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုတွေ ရှိနေသလို ဒေသခံပြည်သူတွေလည်း ထိခိုက်မှုအများအပြားရှိတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“တိုက်ပွဲစဖြစ်ကတည်းက လွိုင်ကော်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ အထိအခိုက်တွေတော့ ရှိတယ်။ အသေးစိတ်တော့ ပြောလို့မရဘူး။ အစွမ်းကုန်တော့ ခုခံနေကြပါတယ်။ ထိုးစစ်ဆင်လာတဲ့အင်အားလည်း များတယ်။”

စစ်ကောင်စီဟာ မိုးဗြဲ-ဖယ်ခုံ-ပင်လောင်းလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် အင်အားအလုံးအရင်းနဲ့ မိုးဗြဲကို ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်နက်ကြီးပစ်ကူကို လွိုင်ကော်မြို့ အမှတ် ၅၄ တပ်ကနေ အနောက်ဘက်ကို ပစ်ကူပေး‌တာလို့ သိရပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခံမြို့အရှေ့ဘက်ကမ်း လယ်ထွန်၊ ကဖုရွာက ပြည်သူတွေ လက်နက်ကြီးထိမှန်တာ အများအပြားရှိသလို လွိုင်ကော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကို တမြို့လုံးက မြင်တွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၄၂၂ တပ်ဟာ အနီးနားကရွာတွေကို မီးရှို့နေသလို စစ်ကြောင်းထိုးလာတဲ့ တပ်တွေဟာလည်း ကရင်နီတော်လှန်ရေးတပ်တွေရဲ့ ခုခံမှုကြောင့် အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013