တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁၁ နာရီခန့်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲလို့ လူအများအပြားထိခိုက်ကာ သေဆုံးသူတွေလည်းရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဂျက်နဲ့ကြဲသွားတာ။ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁ နာရီ ၂၃ မိနစ်ကပါ။ နောင်ချိုမြို့ ရဲစခန်းဘေး ပါရမီ ၂ လက်ဘက်ရည်ဆိုင် တည့်တည့်ကျတယ်။ လက်ရှိ သိထားသလောက် အရပ်သား ၁၀ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁ ဦး စိုးရိမ်ရတယ်၊ ကျန်နေသေးတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရသေးသလို ထိခိုက်ဒဏ်ရာရသူ အရေအတွက်လည်း အတိအကျ မသိရသေးဘူးလို့ သူကပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်ကလည်း “ဒဏ်ရာရတဲ့ လူဦးရေလည်း များတယ်တဲ့။ အကြော်ဆရာတယောက်ပဲ လွတ်တယ်လို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။
သူတို့က မိသားစုလိုက် ဆိုင်သန့်ရှင်းရေး ဝိုင်းပြီးတော့ လုပ်နေကြတဲ့အချိန်၊ ဆိုင်ထိုင်တဲ့လူ တဝိုင်း၊ နှစ်ဝိုင်း ရှိနေတဲ့အချိန် ဆိုင်တည့်တည့်ကျတာလို့ သူကပြောပါတယ်။
“ဒဏ်ရာရတဲ့သူလည်း များတယ်။ ဆိုင်ပိုင်ရှင် အလတ်ကောင်ပေါ့နော်၊ ဒုတိယမြောက်သားရဲ့ အမျိုးသမီးလည်း ဆုံးတယ်တဲ့။ လတ်တလောတော့ အဲဒါပဲ သိရသေးတယ်ရှင့်။”
စစ်ကောင်စီကို သတင်းပေးသူတွေရှိတာကြောင့် ဗုံးကြဲခံရတာလို့ ဆိုပါတယ်။
နောင်ချိုမြို့နယ် ရဲစခန်းအနီးဝန်းကျင်ကို ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ နောင်ချိုမှာ မြေပုံအညွှန်းအတိုင်း ထိမှန်ကြောင်း ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်ကလည်း နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲခဲ့လို့ အဘွားတယောက် သေဆုံးပြီး အသက် ၆ဝ ကျော် အဘိုးတယောက်နဲ့ ၁၇ နှစ်အရွယ် ကလေးတယောက် ဒဏ်ရာအနည်းငယ်ရကာ ထွေအုပ်ရုံး အနီးတဝိုက်က နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။
Pra Jaw