ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က စတင်ကာ ဇန်နဝါရီ ၁၉ ရက်အထိ တပတ်ကြာ စစ်ကာင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြိုင်မြို့နယ် ဂွေးပင်လယ်ရွာ အနီးမှာ စစ်ကောင်စီတပ်သား အလောင်း ၉ လောင်းနဲ့အတူ ကျည်ဆန်အချို့ကို ဇန်နဝါရီ ၂၁ ရက် မနက်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံဗစ်တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ကျနော်တို့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်း အခုလို တွေခဲ့ရတာဗျ။ ကနဦးကတော့ နယ်မြေခံရွာသားတွေက အရင်တွေ့ပြီး ကျနော်တို့ဆီ အကြောင်းကြားလာလို့ သွားကြည့်တော့ စစ်တပ်ဘက်က သေဆုံးခဲ့တဲ့ အလောင်းတွေ မြေမြှုပ်ထားခဲ့တာဗျ။ မြေမြှုပ်ထားခဲ့တဲ့ မြေပုံက ၉ ပုံရှိတယ်။ အဲထဲက တပုံကို ဖော်ထားပြီးပါပြီဗျ။ ကျန်တဲ့ မြေပုံ ၈ ပုံကိုတော့ လုံခြုံရေးအရ မဖော်ရသေးဘူး။ နောက်ထပ် RPG ကျည်ဆန် ၂ ဖူးကိုလည်း တွေ့ရှိခဲ့ရတယ်"လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုဗစ်တာက DVB ကို ပြောပါတယ်။
နယ်မြေရှင်းလင်းရေးကို ဗစ်တာ ပြောက်ကျားတပ်ဖွဲ့၊ လျှက်စီး ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူတပ်ရင်း ၂၊ ၆၊ ၁၇၊ ဒေသခံ ပအဖနဲ့ မြို့နယ် ပကဖ တို့ ပူးပေါင်းရှင်လင်းခဲ့တာလို့လည်း သိရပါတယ်။
ဂွေးပင်လယ်ရွာသားတယောက်က “ကျနော်တို့ရွာရဲ့ တောင်ပိုင်းမှာ တလောင်း၊ ရွာရဲ့တောင်ဘက်ကပ်လျက်အနီးမှာ ၈ လောင်းကို မြေမြှုပ်ထားခဲ့တာ။ အဲဒီမြှုပ်ထားတာကို PDF အဖွဲ့တွေဘက်ကို အကြောင်းကြားအသိသွားပေးခဲ့တာ ဟုတ်ပါတယ်ဗျ။ မြေပုံတွေကို ကျနော်တို့အရပ်သားတွေလည်း ဖော်မကြည့်ရဲတာကြောင့် PDF အဖွဲ့တွေကို အသိပေးခဲ့ရတာဗျ။ ဘယ်သူတွေ မြှုပ်သွားတာ သိလားဆိုတော့ သူတို့နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ကျနော်တို့ရွာထဲ ပြန်ဝင်တဲ့အခါ အခုလို တွေ့ရတာပဲ။ စစ်သားတွေဘက်က မြှုပ်သွားတာ။ စစ်သားတွေရဲ့ ကျည်အခွံတွေလည်း မြေပုံအနီးကတွေ့ခဲ့ရတယ်။ စစ်သားအလောင်းဆိုတာကတော့ အသေအချာဟုတ်တယ်လို့ ပြောနိုင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရိက္ခာကား ၁၂ စီးနဲ့ ကန်နီပျူရွာကို ရိက္ခာသွားပို့ရင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းကုန်းရွာနဲ့ သံပုရာခြံကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။