ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပြီး ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေတယ်လို့ မိုးဗြဲအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းကနေစပြီး မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းကနေ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်က မိုးဗြဲမြို့တဝိုက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် ဒီနေ့မနက်ပိုင်းအထိ မိုးဗြဲမြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက “မိုးဗြဲ ၄၂၂ အခြေစိုက်တပ်ကနေ စစ်ကောင်စီက အခြေခံပြီးတော့မှ မိုးဗြဲမြို့ထဲကို စစ်ကြောင်းတွေ ထပ်ထိုးလာတာရှိတယ်။ စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းတွေထိုးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းလောက်မှ စစ်ကောင်စီက ဖယ်ခုံကနေ မိုးဗြဲကို အင်အားတွေဖြည့်ထားတာ ရှိခဲ့တယ်။ အခုတခါမှာလည်း မိုးဗြဲကနေပြီးတော့ မိုးဗြဲဘေးပတ်ဝန်းကျင်တွေအထိ စစ်ကောင်စီက စိုးမိုးနိုင်ဖို့အတွက် ကြိုးစားနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းငယ်တွေခွဲကာ မိုးဗြဲတဝိုက် စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို လွိုင်ကော်နဲ့ ဖယ်ခုံမြို့တွေဘက်ကလည်း လက်နက်ကြီးပစ်ကူတွေ ပေးနေပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က “ကျနော်တို့က မြို့ပြင်အထိကို ပိတ်ထားတယ်။ အဲဒါကို သူက သူ့တပ်တွေ နေရာဝင်ယူမယ့် လမ်းမကြီးတလျှောက် သူပြန်ဆင်းလာတာပေါ့။ မိုးဗြဲမြို့ကို ကျနော်တို့က ကာထားတော့ သူက ဒီတပေါက်မရရင် ဒီတပေါက် အကုန်လုံး ဆင်းလာကြတာပေါ့။ မိုးဗြဲက အကုန်လုံး စစ်ရှောင်နေရတော့ မြို့ထဲမှာတော့ လူမရှိတော့ဘူး။ လက်နက်ကြီးကတော့ တိုက်ပွဲရှိလည်း ပစ်တာပဲ၊ မရှိလည်း ပစ်တာပဲ။ သူတို့ အနည်းဆုံး တရက်ကို ၁၀ လုံးကျော် ၂၀ လောက် ပစ်ပြီးသားပဲ။ မြို့ပေါ်ကော မြို့ပြင်ကော အနောက်ဘက်က စစ်ရှောင်တွေဘက်ကော အကုန်ပစ်တယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ပြီး ၂၀၂၅ နှစ်စမှာ စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
သီရိ