ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတယ်လို့ မိုးဗြဲအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းကနေစပြီး မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းကနေ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်က မိုးဗြဲမြို့တဝိုက်ကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းအထိ မိုးဗြဲမြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“မိုးဗြဲ ၄၂၂ တပ်ကို အခြေပြုပြီးတော့မှ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ မနေ့ကတော့ တိုက်ပွဲအတော်ပြင်းထန်တယ်၊ ဒီနေ့အထိလည်း တိုက်ပွဲက ရှိနေတုန်းပဲ။ စစ်ကောင်စီက မိုးဗြဲမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေ ထိုးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဖယ်ခုံကနေ မိုးဗြဲကို စစ်အင်အားဖြည့်ထားတာ ရှိတယ်ပေါ့နော်။ ဒီနှစ်မှာတော့ မိုးဗြဲမြို့ ပတ်ဝန်းကျင်အထိ စိုးမိုးဖို့ ကြိုးစားနေတာပါ။”
စစ်ကောင်စီတပ်က စစ်ကြောင်းငယ်တွေခွဲကာ မိုးဗြဲတဝိုက် စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။