တနင်္သာရီ-မောတောင် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးရှိနေပြီး စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်၊ ရေဖြူဗျူဟာကုန်းဘက်ကနေ မောတောင်ဘက်ကို သာလွန်အင်အား အသုံးပြုပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်ထောင်စုကားလမ်းပိုင်းက သိန်ခွန်း၊ ချောင်းနှစ်ပေါက်ရွာတွေဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာ အခုဆိုရင် ၁ လကျော်ကြာပြီလို့ ပြောပါတယ်။
တိုက်ပွဲအရှိန်က ပိုမိုတင်းမာလာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က သိန်ခွန်းရွာအနီးမှာ ဖြစ်ခဲ့တဲ့ ရှေ့တန်းတိုက်ပွဲတခုမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ယောက်နဲ့ စစ်ကောင်စီဘက်က ၅ ယောက်ခန့် ကျဆုံးသွားတယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တယောက်က ပြောပါတယ်။
“မနေ့က ရွာထဲက စကစအဖွဲ့မဟုတ်ဘဲ သီးသန့်လှုပ်ရှားနေတဲ့အဖွဲ့နဲ့ တွေ့တာပါ။ နှစ်ဖက်လုံး ထိခိုက်မှုရှိတယ်။ အလစ်အငိုက်မှာ ကျဆုံးတာပါ။ နယ်မြေမရှင်းရသေးလို့ သွားမယူရသေးတာပါ၊ သီးသန့်လှုပ်ရှားတဲ့အဖွဲ့က တောထဲမှာပေါ့၊ ရွာထဲကနေ သူတို့ဘက်က လက်နက်ကြီးတွေ လှမ်းထုပေးတာပါ။”
အဆိုပါ ၁၇ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့ကာ ဇန်နဝါရီ ၁၄ ရက် တိုက်ပွဲတုန်းကလည်း လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ရှေ့တန်းကရတဲ့ လက်နက်ခဲယမ်းတွေပါ။ တိုက်ပွဲမပြီးသေးတော့ သတင်းတွေ မထုတ်ပြန်သေးပါဘူး။”
စစ်ကောင်စီက သာလွန်အင်အား အသုံးပြုပြီး မောတောင်ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာလို့ သိရပြီး တိုက်ပွဲတလတာအတွင်း အင်အား ၄၀၀ ကျော်အထိ ဖြည့်တင်းထားကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်သား ၅၀ ဝန်းကျင်ခန့် ကျဆုံးနိုင်ကြောင်း မြေပြင်မှာတိုက်ခိုက်တဲ့ ရဲဘော်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းကစပြီး တနင်္သာရီ-မောတောင် ကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေကာ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ စတဲ့အနီးတဝိုက်ရွာတွေက ဒေသခံပြည်သူတွေလည်း ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။