Home
မြန်မာသတင်း
စစ်တပ်ကို နိုင်ငံရေးဆွေးနွေးမှုမှ မဖယ်ထုတ်ရန် အပစ်ရပ် ၇ ဖွဲ့ပြော
DVB
·
January 20, 2025
Photo: 7 EAO Alliance

ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့စဉ်းစားတဲ့အခါမှာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆွေးနွေးမှုကနေ ဖယ်ထုတ်ဖို့ မစဉ်းစားဘဲ စစ်တပ်ဟာ ဆွေးနွေးပြောဆိုရမယ့် အစုအဖွဲ့ တခုအဖြစ် ရှိနေသင့်တယ်လို့ နားလည်တဲ့အကြောင်း NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၇ ဖွဲ့ရဲ့ တတိယအကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရပ်တန့်နေတာ ၂ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တာကြောင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းအသစ်ကို ဖော်ဆောင်ဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြစ်ချက်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဦးဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ သဘောတူညီမှုဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုဟာ အလုပ်မဖြစ်တော့တာကြောင့် နည်းလမ်းအသစ်ကို ပြောင်းပြီး သက်ဆိုင်သူအစုအဖွဲ့အားလုံးပါဝင် နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ NCA အပစ်ရပ် ၇ ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

အပစ်ရပ် ၇ ဖွဲ့အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့အတွက် NCA လမ်းကြောင်းအရမဟုတ်ဘဲ အင်အားစုအားလုံး လက်ခံတဲ့ အခင်းအကျင်း ဖြစ်ရင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ  စစ်ဘောင်ကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့ တော်လှန်ရေးအင်အားစု အသီးသီးကြားမှာ တွေ့ဆုံဆွေးနွေးရေးက မဖြစ်နိုင်သလို အပစ်ရပ် ၇ ဖွဲ့တည်းနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်လို့မရတာကြောင့် သက်ဆိုင်သူ အစုအဖွဲ့အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

အဲဒီလို ဖော်ဆောင်တဲ့နေရာမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ထားရှိထားမှာ မဟုတ်ဘဲ ရည်မှန်းချက်ပန်းတိုင်တူပြီး လုပ်ပုံလုပ်နည်းကွဲပြားနေတဲ့ အဖွဲ့အစည်းတိုင်းကို တွေ့ဆုံဆွေးနွေးရမယ့် အစုအဖွဲ့အနေနဲ့ လက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေးအကျပ်အတည်းနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှု လုပ်ကြတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပေးထားချက်အတိုင်း လုပ်ဆောင်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်သလို NCA လမ်းကြောင်းအရ ဆောင်ရွက်ဖို့ ရည်ရွယ်ထားရင်လည်း ဆွေးနွေးမှုမအောင်မြင်နိုင်ဘူးလို့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်အာဏာရှင် တော်လှန်နေတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)တို့ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးဖို့ အပါအဝင် စစ်တပ်က နိုင်ငံရေးက အပြီးထွက်မယ်ဆိုတဲ့ ကတိကဝတ်တွေပါတဲ့ အချက်တွေကိုလက်ခံမှ နိုင်ငံရေး ဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013