မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စက်တပ်လေထီး (Paramotor) အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက် သေဆုံးခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် လူထုသပိတ်ကော်မတီရဲ့ တာဝန်ခံက “မိတ္ထီလာ လေတပ်စခန်းကလာတဲ့ စက်တပ်လေထီး ၂ စင်းနဲ့ တောင်သာတောင်ဘက်ခြမ်း၊ ပန်းပေါင်းအုပ်စုထဲက ညောင်ကုန်းကျေးရွာထဲကို ဘုန်းတော်ကြီးကျောင်းနား၊ လမ်းမပေါ်နဲ့ ပြည်သူပိုင်အိမ်တွေပေါ်ကို ဗုံး ၆ လုံး ကြဲပြီး အကြောင်းမဲ့ တိုက်ခိုက်သွားခဲ့တာပါ။ အသက်ကြီးတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဆုံးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာခံတွေဖြစ်ကြတဲ့ အသက် ၈၀ အရွယ် ဒေါ်ခင်သန်း၊ အသက် ၆၀ အရွယ် ဒေါ်ခင်ညွှတ်၊ အသက် ၇၇ နှစ်အရွယ် ဦးကြည်လှိုင်နဲ့ အသက် ၆၀ ကျော်အရွယ် ဦးအောင်မြင့်တို့ သေဆုံးသွားခဲ့ပြီး နွား ၃ ကောင်၊ ဝက်တကောင်နဲ့ သိုးတကောင်တို့လည်း သေဆုံးခဲ့သလို လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “ကျနော်တို့ ကြုံနေရတာက အဲဒီ စက်တပ်လေထီးတွေက နေ့ပိုင်းမှာ မလာကြဘူး။ ပျံတာက နိမ့်ပြီး နှေးလည်းနှေးတယ်။ အဲဒီတော့ လူမြင်သူမြင်ဖြစ်တဲ့ နေ့ပိုင်းတွေလာရင် ပစ်ချခံရမှာကြောက်လို့ ညဥ့်နက်ပိုင်းတွေမှာ ဒုက္ခလာလာပေးနေတာ။ စစ်ဆင်ရေးပုံစံမျိုးနဲ့ကို အခုရက်ပိုင်း ခဏခဏလာနေတာ။ အခု ညောင်ကုန်းရွာကိုဆိုရင်လည်း ညဥ့်နက်သန်းခေါင် ရွာပေါ် လာကြဲသွားတယ်။ ရွာထဲက အိမ်တွေပေါ်ကျလို့ အမျိုးသမီးတဦးက ရင်ဘတ်ကို ထိတယ်၊ နောက်တဦးက ခေါင်းကို ထိတယ်ဗျ။ အဲဒီအမျိုးသမီးတွေကတော့ နေရာမှာတင် ဆုံးသွားတယ်။ အမျိုးသားတဦးကတော့ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ ပြင်းထန်ဒဏ်ရာရလို့ နောက်မှ ဆုံးသွားခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်ကနေ ဇန်နဝါရီ ၁၈ ရက်အထိ တောင်သာမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
တောင်သာမြို့နယ်ထဲမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ အသိပေးချက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေကို လိုက်နာကြဖို့နဲ့ သတိထားပြီး နေထိုင်သွားလာကြဖို့ တိုက်တွန်းထား ပါတယ်။