မကွေးတိုင်း၊ မြိုင်မြို့နယ်က သံပရာခြံရွာနဲ့ ကျောင်းကုန်းရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၃ ရက်နေ့က မြိုင်မြို့နဲ့ ၇ မိုင်ဝေးတဲ့ ကန်နီပျူရွာကို ရိက္ခာသွားပို့ပြီး မြိုင်မြို့ဘက်အပြန်မှာ ဝင်ရောက်မီးရှို့တာပါ။
ဒေသခံတယောက်က “ကျနော်တို့ဒေသခံတွေကတော့ ဇန်နဝါရီ ၁၂ ရက်နေ့ကတည်းက ရွာထဲကနေ ထွက်ပြေးခဲ့ရတာဗျ။ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှ စစ်ကြောင်းက မြိုင်မြို့ထဲ ဝင်သွားတယ်။ စစ်ကြောင်းမရှိတော့ပေမဲ့ စစ်တပ်က ရွာထဲ မိုင်းတွေ ထောင်သွားတာ ရှိနိုင်တယ်လို့ဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းရေးလုပ်ပြီးမှ ရွာထဲ ပြန်ဝင်ရမယ်ဗျ။ မနေ့ညနေပိုင်းကတော့ ကျနော်တို့ရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့သွားသလို ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးတလုံးကြဲချသွားသေတယ်။ အဲလို ကြဲချလို့ လူနေအိမ်တလုံးပျက်စီးပြီး ကျောင်းကုန်းရွာက နေအိမ်အလုံး ၂၀ နဲ့ သံပုရာခြံရွာက နေအိမ် ၄ လုံးကိုလည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွာကိုမီးရှို့လို့ ရွာအတွင်းမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်မာရေး မကောင်းသူတွေကို ဗစ်တာပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေက ကယ်ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဗစ်တာက “တိုက်ပွဲကတော့ ကန်နီပျူရွာကနေ စထွက်လာကတည်းက အဖွဲ့စုံတိုက်ခိုက်ပစ်ခတ်နေကြတာပဲ။ ကျနော်တို့အဖွဲ့တွေကတော့ ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာအနီးကနေဖြတ်တိုက်ခဲ့တာဗျ။ စစ်ကြောင်းက သူတို့အထိနာလို့ လေကြောင်းကနေ လာပစ်ခတ်သေးတယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် ၇ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ စခတွေဘက်ကတော့ ထိခိုက်သေဆုံးတာ များတယ်လို့ပဲ ပြောလို့ရမယ်ဗျ။ အဲလို သူတို့ဘက်က ထိခိုက်သေဆုံးတာ များလို့ စစ်တပ်ရဲ့ လုပ်နေကျပုံစံအတိုင်း ရွာကိုမီးရှို့တာပေါ့” လို့ DVB ကို ပြောပါတယ်။
အခုတိုက်ပွဲမှာ မြိုင်မြို့နယ်အတွင်းက ဗစ်တာ ပြောက်ကျားတပ်ဖွဲ့ အပါအဝင် တပ်ရင်း ၂၊ တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅၊ တပ်ရင်း ၁၇၊ ပကဖတပ်ရင်း ၁ နဲ့ ၃၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့၊ MRG၊ နဂါးနီ၊ ဆင်ရိုင်း၊ လင်းမြွေ၊ 8+၊ ယင်းမာပင်ခရိုင် ၂၈ တပ်ရင်း၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကနေ ဇန်နဝါရီ ၁၈ ရက်နေ့အထိ ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့လည်း စစ်တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကတော့ ဇန်နဝါရီ ၁၉ ရက် ဒီနေ့မှာ ရိက္ခာပို့ယာဉ်တန်း ကား ၁၂ နဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်၊ စက်ဘီး၊ နွားတွေနဲ့ ပရိဘောဂတွေတင်ဆောင်ပြီး မြိုင်မြို့ထဲကို ဝင်ရောက်သွားပြီလို့ သိရပါတယ်။