Home
မြန်မာသတင်း
ရွှေသောင်ယံ၊ ဘောမိရွာကို AA နှင့် မဟာမိတ်များ ထိန်းချုပ်၊ စစ်ကောင်စီတပ် ဆုတ်ပြေး
DVB
·
January 19, 2025
Photo: AA Info Desk

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲက ဘောမိကျေးရွာကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက အပြင်းအထန် တိုက်ခိုက်ပြီးနောက် ထိန်းချုပ်လိုက်ပြီး ခံစစ်ပြင်ထားတဲ့ စစ်သားတွေ တပ်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ AA နဲ့ မဟာမိတ်တပ်တွေဟာ စစ်ကောင်စီတပ်နဲ့ အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ၁၈ ရက်နေ့မှာ ဘောမိကမ်းခြေရွာကို ထိန်းချုပ်နိုင်ခဲ့လို့ ဂျိုင်လယ်နဲ့ ဘောမိဘက်မှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်ပြေးသွားတယ် လို့ ဒေသခံတွေ ဆိုပါတယ်။

ရွှေသောင်ယံဒေသခံတယောက်က “တိုက်ပွဲက အတော်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ။ စစ်ကောင်စီတပ်က တပ်ကိုဆုတ်ထွက်ပြေးကုန်တာ။ တောထဲတွေ၊ ချောင်းထဲတွေကို ပြေးကုန်တာ။ စစ်တပ်လည်း တပ်ဆုတ်ပြီး လေယာဉ်နဲ့ တိုက်ခဲ့တာ၊ ဗုံးတွေလည်း ကြဲနေတယ်။ အိမ်တွေအားလုံး ပျက်စီးသွားတယ်လို့ သိရတယ်။ ရွာထဲကနေ စစ်မရှောင်ဘဲ ကျန်နေခဲ့တဲ့လူကတော့ အသက်ရှင်စရာ အကြောင်းမရှိဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကတည်းက ဂျိုင်လယ်ရွာနဲ့ ဘောမိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဘောမိကျေးရွာမှာ မုန်တိုင်းဒဏ်ခံအဆောက်အဦ ၁ ခု၊ ဘုန်းကြီးကျောင်း ၁ ကျောင်းပဲကျန်ပြီး တရွာလုံးနီးပါး နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ တာဝန်ရှိသူတယောက်က “ရွှေသောင်ယံမှာ အရာရှိ ၃ ယောက် ကွပ်ကဲနေတာလို့ သိရတယ်။ တပ်ဆုတ်တဲ့အထဲက ရွှေသောင်ယံအမြောက်တပ်မှာ တချို့ ပြန်ရောက်နေတယ်။ ဒဏ်ရာရတပ်သား ၈၀ ဝန်းကျင်လောက်နဲ့ အရာရှိတယောက်က ပုသိမ်ဘက် ရောက်နေတယ်။ အဆက်သွယ်မရတာ ၁၀၀ ကျော်လောက်ရှိမယ်။ သေသလား၊ အရှင် အဖမ်းခံရသလား၊ အခြေအနေ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဘောမိနဲ့ အနီးပတ်ဝန်းကျင်မှာ စစ်သားအင်အား ၃၀၀ ကျော်နဲ့ အမြောက်တွေ၊ တင့်ကားတွေနဲ့ ခံစစ်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အခုတော့ ဘောမိဘက်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကား ၃ စီး မီးလောင်ကျန်နေခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကျီးဇင်ကျေးရွာကို AA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက် ရွှေသောင်ယံမှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ နဲ့အင်အားတိုးချဲ့ ပြင်ဆင်ထားခဲ့တာပါ။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးသလို AA ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီရဲ့အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေး ဂိတ်စခန်းတို့ အပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို AA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013