စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ တယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် နေ့ခင်းပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ထောက်ကြံ့ရွာက ဒေသခံ အသက် ၅၀ ကျော်အရွယ် ဦးမြင့်တင်ဟာ ဗိုက်မှာဒဏ်ရာရရှိ သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက် အပါအဝင် အမျိုးသမီး ၃ ယောက်နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက်တို့မှာတော့ ကျော၊ ပခုံး၊ ပေါင်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ကြတာပါ။
ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီက ထောက်ကြံ့ရွာဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ကျေးရွာဘက်ကို ပစ်ခတ်ခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
လတ်တလောမှာ ထိခိုက်ဒဏ်ရာရထားတဲ့ ဒေသခံတွေကတော့ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုနေကြရပြီး စစ်ကောင်စီ လက်နက်ကြီးရန်ကြောင့် အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ ထောက်ကြံ့ရွာက ဒေသခံတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ကလည်း တိုင်းဗဟိုရ် ၁၀ ကနေ ပစ်ခတ်ခဲ့တဲ့ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက ဒေသခံအမျိုးသမီးတယောက်သေဆုံးခဲ့ပြီး အမျိုးသားတယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆,၁၈၆ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။