ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကား၊ ဓာတ်ဆီနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်က ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စုရှိ ထိန်ပင်မြောင်ရွာ၊ စပါးအိုးရွာနဲ့ ပိုးကြီးစုကျေးရွာတို့ကို အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်က နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ကား ၃ စီး၊ စက်သုံးဆီပေပါ ၅ လုံးနဲ့ အဖိုးတန် လက်ဝတ်ရတနာတွေကို ယူသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အိမ်ထဲက ဗီရိုတွေ၊ သေတ္တာတွေကို ရိုက်ဖွင့်ပြီး လက်ဝတ်ရတနာတွေပါ ယူသွားတာ။ ဘယ်လောက်ပါသွားတယ် ဆိုတာတော့ မသိဘူး။ ဘာအကြောင်းပြချက်မှ မရှိဘဲ လာယူသွားတာ။ စစ်ကောင်စီတပ်က လုယက် ဓားပြတိုက်သွားတာပါ။ တကယ်အံ့သြနေတာ။ ကြောက်တော့ ဘာမှမပြောရဲဘူးလေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က သူတို့လုယက်ယူသွားတဲ့အကြောင်းကို လူမှုကွန်ရက်တွေပေါ် တင်ပါက ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သွားကြောင်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “စကစတပ်က စပါးအိုးရွာနဲ့ ပိုးကြီးစုကျေးရွာက ရပ်ထားတဲ့ ကား ၃ စီးကို လိုင်စင်မရှိဘူးဆိုပြီး သိမ်းယူသွားတာ။ စက်သုံးဆီတွေကတော့ ထိန်ပင်မြောင်ရွာထိပ်က ဓာတ်ဆီဆိုင်က ဆီပေပါ ၅ လုံးကို ယူသွားတာ။ ကျန်တဲ့ပစ္စည်းတွေကိုတော့ အသေးစိတ်မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် တည်ငြိမ်တဲ့ ဧရာဝတီတိုင်းထဲက ကြံခင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ယူဆောင်သွားတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေသခံ အရပ်သားတွေက ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ကြံခင်းမြို့နယ်ထဲက စပါးအိုး၊ ပုံကြီးစု၊ ထိန်ပင်မြောင်း စတဲ့ကျေးရွာတွေ အပါအဝင် ရွာတွေအများစုမှာ ညတိုင်း ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။