မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူထံကနေ သိရပါတယ်။
အဆိုပါ ၂ ရက်တာ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၂၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က “စစ်ကြောင်းက ပခုက္ကူကနေ မြိုင်မြို့ကို စစ်ကြောင်းစထိုးတယ်။ အဲဒီမှာလည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ မြိုင်ကနေ ကန်နီ ပျူရွာကို ရိက္ခာပို့ဖို့ရာ အဲဒီစစ်ကြောင်းပဲ စစ်ကြောင်းထပ်ထွက်တယ်။ စထွက်တဲ့ရက်က ဇန်နဝါရီ ၁၃ ရက်၊ ကျနော်တို့ အင်းရောင်းကျေးရွာအနီးမှာ စပြီး မိုင်းဆွဲတိုက်ခိုက်တယ်ဗျ။ မိုင်းဆွဲပြီး ဝက်ခေါင်းကျေးရွာအနီးမှာ တကြိမ်၊ ကျောင်းကုန်းကျေးရွာအနီးမှာ တကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်ဗျ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်ဗျ”လို့ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်မှာလည်း ကျောင်းကုန်းကျေးရွာနဲ့ ကန်နီ ပျူစောထီးကျေးရွာကြား တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် ထပ်မံ သေဆုံးကာ ၁၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
နောက်ပြီး ကန်နီပျူစောထီးကျေးရွာအနီးမှာလည်း တော်လှန်ရေးအင်အားစုဘက်က ထောင်ထားတဲ့ နင်းမိုင်းမိသွားလို့ စစ်ကောင်စီတပ်ဘက်က ၂ ယောက် ထပ်ပြီးသေဆုံးခဲ့လို့ ၂ ရက်တာ စစ်ပွဲမှာ စစ်ကောင်စီဘက်က စုစုပေါင်း ၁၀ ယောက်သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာ ရသွားကာ တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က “တူမီးလေးတွေ၊ တထောင့်ထိုးလေးတွေကနေ လက်နက်ခဲယမ်းဆိုတာ ဘာမသိ၊ ညာမသိ အခြေအနေကနေ စခဲ့ရတဲ့ ကျနော်တို့ အညာမြေတပ်ပေါင်းစုဟာ အခုဆို စခတွေနဲ့ သူတင်ကိုယ်တင် ယှဉ်ဖြစ်နိုင်တဲ့ အနေအထားထိ ရောက်လာပါပြီ။ အခုလို လွတ်မြောက်နယ်မြေတွေ ရအောင် ရဲဘော်တွေရဲ့ ဝိညာဉ်တွေ၊ သွေး ချွေးနဲ့ ငယ်ရွယ်မှုတွေနဲ့ ရင်းပြီး ရခဲ့တာပါ။ ပြီးတော့ ပြည်သူ့ရဲ့ ထောက်ခံပါဝင်မှုကြောင့် ဒီတော်လှန်ရေးခရီးက ဒီထိ ပေါက်မြောက်လာတာမို့ ပြည်သူတွေနဲ့အတူ ဖက်ဒရယ်ရတဲ့အထိ အမြဲ တသားတည်းရှိနေပါမယ်” လို့ ပြောပါတယ်။
အခု ၂ ရက်တာတိုက်ပွဲမှာ အညာမြေတပ်ပေါင်းစုနဲ့အတူ ပခုက္ကူခရိုင် အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ တပ်ရင်းတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖတပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ၊ ပ.အ.ဖ တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒေသခံတယောက်က “နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ကြတာ။ စစ်သားတွေက အခု ဒီနေ့ညနေပိုင်းမှာ ကန်နီပျူရွာကို ရောက်သွားပြီဗျ။ စစ်တပ်လာတယ်ဆိုရင် ဒေသတွင်း တည်တည်ငြိမ်ငြိမ်ကို မနေရဘူး။ အဲလိုမတည်ငြိမ်လို့ စစ်တပ်ကို နယ်လှည့် စစ်ကြောင်းထိုးတာတွေ မလုပ်စေချင်ဘူး” လို့ ပြောပါတယ်။
ကန်နီပျူစောထီးရွာဟာ မြိုင်မြိုနဲ့ ၇ မိုင်သာဝေးကွာတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေကတော့ မြိုင်မြို့ပေါ်မှာ စစ်ကောင်စီအင်အား ၃၀၀ ခန့်နဲ့ လက်ရှိ ကန်နီပျူရွာမှာ စစ်သားအင်အား ၁၇၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။