ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ဒေါဆိုခူကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၅ ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲလို့ စစ်ရှောင်အမျိုးသမီး ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် မောင်နှမတွေဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတယောက်နဲ့ အသက် ၃၈ အရွယ် အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး အသက် ၇၁ အရွယ် အဘွားအိုတယောက်လည်း ဒဏ်ရာရသွားပြီး ဆေးကုသပေးနေစဉ် သေဆုံးခဲ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “၃ ဦးက သေဆုံးတယ်။ ၄ ဦးလည်း ဒဏ်ရာ အပြင်းအထန် ရကြတယ်။ ခုတော့ ဒဏ်ရာရသူတွေ ဘေးကင်းတဲ့ နေရာမှာ ဆေးကုသမှု ခံယူနေရတယ်။ စစ်တပ် လာကြဲတာက လူနေတဲ့ စစ်ဘေးရှောင်စခန်း ဆိုတော့ ထိခိုက်မှုများတယ်”လို့ ပြောပါတယ်။
စစ်တပ်က လူနေကျေးရွာစစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လို့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေက သူတို့ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်နေကြရပါတယ်။
စစ်ဘေးရှောင်တယောက်က “စစ်တပ်က လူအိပ်ချိန်၊ လူတွေ ထမင်းစားချိန်ကိုမှ ကွက်တိ ဗုံးလာကြဲတာ။ လေယာဉ်ဝဲပြီဆို အိပ်တောင်မအိပ်ရဲတော့ဘူး။ ထမင်းတွေတောင် မတ်ရပ်ပြီး စားရတယ်။ တောထဲ ထွက်ပြေးရတယ်။ အရမ်းကြောက်ရတယ်”လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁ ရက် ည ၅ နာရီကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဂျက်လေယာဥ်နဲ့ ၃ ကြိမ် ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။