အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထွေအုပ်ရုံးနဲ့ စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့တာကြောင့် ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထွေအုပ်ရုံး မီးလောင်ပျက်စီးကာ အထက်တန်းကျောင်းက စာသင်ဆောင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဆမီးမြို့ခံတယောက်က “ပထမတကြိမ်က ဗုံး ၂ လုံး၊ ဒုတိယတကြိမ်က ပေါင် ၅၀၀ တလုံး ၂ ကြိမ် ကြဲတာပေါ့။ ထွေအုပ်ရုံးကတော့ တရုံးလုံး မီးလောင်သွားတယ်။ ဘေးက အ.ထ.က ကျောင်းကတော့ ပျက်စီးကုန်တာပေါ့။ ဗုံးကျတဲ့နေရာက လူနေအိမ်တွေနဲ့ အလှမ်းဝေးတော့ အိမ်ပျက်စီးတာတွေ လူထိခိုက်သွားတာတွေ မရှိဘူး” လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။