ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းလောက်က စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ စက်တပ်ထားတဲ့ လေထီးမောင်းလေ့ကျင့်နေစဥ် တပ်ဖွဲ့ဝင် တယောက် သစ်ကိုင်းနဲ့ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တပ်လေထီး လေ့ကျင့်တာတွေလုပ်နေပြီး မနေ့ ညနေက လေထီးလေ့ကျင့်နေတဲ့ စစ်သားတယောက် သစ်ကိုင်းနဲ့ရိုက်မိပြီး ခြေထောက်တချောင်းကျိုးသွားတယ် လို့ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ စက်တပ်လေထီးတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တချို့ကို ဗုံးလိုက်ကြဲချတာတွေ ရှိခဲ့ပြီး ဧရာဝတီတိုင်းမှာလည်း စက်တပ်လေထီး စတင်အသုံးပြုဖို့ လေ့ကျင့်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သူတွေကတဆင့် သိရပါတယ်။
မျက်မြင်တွေ့ရှိသူ ကျုံပျော်မြို့နေထိုင်သူတဦးက “မနေ့က လေထီး ၂ စီးနဲ့ လေ့ကျင့်နေတာ ညနေ ၄ နာရီထိုးလောက်မှာ ကောင်းကင်မှာ ပျံဝဲနေတာ တွေ့ရတယ်။ အနီးကပ် ဖုန်းနဲ့ဆွဲကြည့်တဲ့ အချိန်မှာ လေထီးက ဘီး ၂ လုံးပါတယ်။ အနောက်မှာ ပန်ကာပါတယ်၊ လေပေါ်မှာ အချိန်အတော်ကြာကြာ ပြန်ဝဲနေတယ်။ စစ်ကောင်စီတပ်နဲ့ နီးစပ်သူကို မေးကြည့်တော့ စက်တပ်လေထီးဖြစ်ပြီး ဗုံးကြဲတဲ့နေရာမှာ အသုံးပြုတာလို့ ပြောတယ်”လို့ ပြောပါတယ်။
ကျုံပျော်မြို့မှာ စစ်ကောင်စီတပ်က ဗျူဟာလာထိုင်ထားပြီး ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး တယောက် ကိုယ်တိုင်လာထိုင်ပြီး လက်ရှိမှာ စက်တပ်က လေထီး လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက တပ်အင်အားတွေ ဖြည့်တင်းနေပြီး တပ်မ ၁၁၊ တပ်မ ၇၇၊ တပ်မ ၆၆ လက်အောက်ခံတပ်တွေကို တပ်စွဲခိုင်းထားပြီး လေယာဥ်ကွင်းအသစ်တွေပါ အမြန် ဆောက်လုပ်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။