ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေမှာရှိတဲ့ မကျီးဇင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့ရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ မကျီးဇင် တိုက်နယ်အဆင့်ရှိ ကျေးရွာနဲ့ အနီးတ၀ိုက်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် ဇန်နဝါရီ ၁၁ ရက် ၁၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရွှေသောင်ယံ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ အသေးစိတ်ကို မသိရသေးဘူး။ အဲဒီ မကျီးဇင်နားက ပေါက်တူးကွင်းနဲ့ မကျီးဇင်ပြားကို စစ်ကောင်စီတပ်က ဗုံးချတာ။ မကျီးဇင်မှာ သူတို့တပ် မရှိတော့ဘူး၊ မီးလောင်နေတယ်။”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မကျီးဇင်ကျေးရွာ မီးလောင်ပျက်စီးနေသလို မကျီးဇင်ရွာအနီးမှာရှိတဲ့ ပုန်းညှက်မော (အမော်ကြီး) နဲ့ ကုလားချောင်းကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “လက်ရှိ စကစတပ်က အဲဒီရွာတွေရဲ့ တောင်ဘက်က ဘောမိရွာအနီးမှာ ခံစစ်ပြင်ထားတယ်။ မကျီးဇင်ရွာဘက်ကို သာပေါင်းမြို့နယ်ကနေလည်း စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ အင်အားတွေ ထပ်ပို့နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက သိမ်းထားတယ်ဆိုတဲ့ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေ အများစုဟာ ချောင်းသာ၊ ရွှေသောင်ယံနဲ့ သာပေါင်းမြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေအတွက် အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်းအစပ်က တပ်စခန်းတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။