Home
မြန်မာသတင်း
ပုလောတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့
DVB
·
January 14, 2025
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း

တိုက်ပွဲပြန်လည်ပြင်းထန်လာတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ဘက်မှာ စစ်ကောင်စီ စစ်ကြောင်း အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၃ ရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက တပိုဆယ်အိမ်စုကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းကနေ ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ခန့်အထိ ကြဲခဲ့ပြီး ၈ ယောက်ထက်မနည်း ထိခိုက်ခဲ့ပြီးနောက် စစ်ကြောင်းဟာ ပါဒစက်တော်ရာ ဘုရားဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တပိုဆယ်အိမ်စု‌ကျေးရွာက‌နေ စစ်ကြောင်းဆုတ်ခွာရာမှာ လမ်းတလျှောက်ရှိ ပြည်သူနေအိမ် ၅ လုံးနဲ့ ရာဘာခြံ ၅၀ ဧကကျော်ကို မီးရှိုဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စက်တော်ရာရွာဘက်မှာတော့ စစ်ကြောင်းရှိနေတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

“၁၁ ရက်နေ့ကတည်းက စက်တော်ရာဘက်ကို မီးကူးတယ်။ စက်တော်ရာရွာမှာက ၉ ရက်နေ့ ကတည်းက လေယာဉ်ဗုံးကြဲတော့ မီးလောင်ထားတဲ့ အစရှိတယ်၊ တပိုကနေ ကူးတဲ့မီးပါ ပေါင်းပြီးတော့ တောင်ပေါ်တခုလုံး လောင်နေပြီ။ စက်တော်ရာရွာထဲမှာက ကျနော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေ မဟုတ်တော့ အတိအကျ မသိရဘူး။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းမို့ပါ။ လက်ရှိ သူတို့က တပိုဆယ်အိမ်စုရွာက ဆုတ်ပြီးတော့ စက်တော်ရာမှာ တပ်စွဲထားတယ်။”

ဇန်နဝါရီ ၁၂ ရက်အထိ မီးဆက်တိုက် ကူးစက်လောင်ကျွမ်းနေပြီး ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီကလည်း ပုလောမြို့နယ်၊ ကြဲရွာဘက်ကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့လို့ ရှို့ခံရတဲ့ အိမ်အရေအတွက် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ ဒီမတိုင်ခင် အခုနှစ် ဇန်နဝါရီ ၉ ရက်ကတည်းက ထိတွေ့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက အင်အား ၁၂၀ ဝန်းကျင်ခန့်နဲ့ စစ်ကြောင်းထိုး သွားလာနေတာကြောင့် ဝင်ရောက်မီးငြှိမ်းသတ်ဖို့ အခက်အခဲရှိနေပြီး တနေရာနဲ့တနေရာ ကူးစက် လောင်ကျွမ်းနေတာကြောင့် ထိခိုက်မှု ပိုများလာနိုင်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးနေတဲ့ စက်တော်ရာနဲ့ ကြဲရွာတွေဘက်မှာ ဇန်နဝါရီ ၉ ရက်က လေကြောင်းကနေ ဗုံးသီးအလုံးပေါင်း ၇၀ ခန့် လာကြဲသွားပြီး အရပ်သားပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်ရကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013