ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့က တိုက်ပွဲဖြစ်ပွားလာမှာကြောက်လို့ ဆိုင်ပိတ်ထားတဲ့ ဈေးဆိုင်တွေကို စစ်ကောင်စီတပ်က လိုက်လံဖိအားပေး ဖွင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့နဲ့ မိုင် ၂၀ ဝန်းကျင်အကွာ မကျီးဇင်တိုက်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွှေသောင်ယံကမ်းခြေ၊ ရွှေသောင်ယံဈေးနဲ့ ရွှေသောင်ယံမြို့ ရပ်ရွာတွေမှာ တိုက်ပွဲကြောက်လို့ ပိတ်ထားတဲ့ ဈေးဆိုင်တွေကို စစ်ကောင်စီတပ်နဲ့အဖွဲ့က လိုက်လံဖွင့်ခိုင်းနေတာလို့ ဆိုပါတယ်။
ရွှေသောင်ယံဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်က ဆိုင်တွေ ဖွင့်ခိုင်းတာ။ အသေခံနေရမယ့်သဘော ရှိတယ်။ ပိတ်ထားတဲ့ဆိုင်တွေ ဖွင့်ဖို့နဲ့ ဖွင့်ထားတဲ့ဆိုင်တွေလည်း မပိတ်ဖို့ဆိုပြီး လိုက်ပြောတာ။ တိုက်ပွဲ မဖြစ်ဘူးပေါ့၊ မဖြစ်ဘူးသာ ပြောတာ။ ပစ်ခတ်သံတွေ ကြားနေရတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်အထိ ရွှေသောင်ယံမြို့မှာ တိုက်ပွဲကြောက်လို့ မြို့ပေါ်ကနေ ရပ်ရွာတွေအထိ စားသောက်ကုန်ရောင်းတဲ့ဆိုင်နဲ့ စားသောက်ဆိုင်တွေ အပါအဝင် ဆိုင်တွေ ၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားခဲ့တာလို့ သိရပါတယ်။
ရွှေသောင်ယံမြို့ခံ လုပ်ငန်းရှင်တယောက်က “သူတို့ လိုက်ပြောပြီးတဲ့နောက် ဆိုင်တွေ ပြန်ဖွင့်တာတွေ ရှိတယ်။ မဖွင့်တဲ့ဆိုင်တွေလည်း ရှိတယ်။ တချို့က ဆိုင်ပိတ်ပြီးတော့ လူတွေတောင် ရှောင်နေကြပြီ။ ဘယ်သူက ကိုယ့်စီးပွားရေး ယုတ်လျော့စေချင်မှာလဲ၊ သေရင် ကိုယ်တွေပဲသေမှာ။ မရှောင်ဘဲ မနေရဲဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ရွှေသောင်ယံကမ်းခြေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံး ၂၀ ကျော်ကိုလည်း အမိန့်တစုံတရာမရဘဲ လုံးဝမပိတ်ဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ရွှေသောင်ယံမြို့မှာ တိုက်ပွဲမရှိကြောင်းနဲ့ တည်ငြိမ်နေကြောင်း ပြသဖို့အတွက် အခုလို ဈေးတွေ၊ ဟိုတယ်တွေကို ဖွင့်ခိုင်းနေပေမဲ့ ရွှေသောင်ယံကမ်းခြေနဲ့ တဆက်တည်း ကျောက်မောင်နှမကမ်းခြေဘက်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်လောက် နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။