မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇ တာဝန်ရှိသူက ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ ၃ မိုင်အကွာအဝေး၊ နန်းမြင့်တောင်အနီးမှာ ပိတ်မိနေတဲ့စစ်ကြောင်းကို ဒေသ PDF တွေက ပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ မြင်းခြံခရိုင်အမှတ် ၇ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက ပျူစောထီးခေါင်းဆောင် သီတာယုမွန် ထိခိုက်မှုရှိခဲ့တယ်လို့ သတင်းဖြန့်ဝေခဲ့ပေမဲ့ ဒီအချက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ PDF တွေဘက်က ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်း၇-ဇီရိုး တာဝန်ရှိတယောက်ဖြစ်တဲ့ ဗညားက “မနက် ၈ နာရီ ၅၀ လောက်ပေါ့၊ မြင်းခြံနဲ့ကတော့ ၃ မိုင်လောက်ရှိမယ်။ သူတို့စစ်ကြောင်းက ၁၁ ရက်နေ့ကတည်းက ထွက်လာတာ၊ ၁၁ ရက်နေ့ကတည်းက ထွက်လာပြီးတော့ တောင်ကြောထဲမှာ ပိတ်မိနေတာ၊ ပိတ်မိနေတဲ့ စစ်ကြောင်းကို ကျနော်တို့က အပြန်လမ်းကိုစောင့်ပြီးတော့ တိုက်တဲ့ပုံစံမျိုးပဲ။ အဲဒါတော့မဟုတ်ဘူး၊ သီတာယုမွန်ကတော့ မပါလောက်ဘူး။ စစ်ကြောင်းက သူတို့က ကျနော်တို့ဆီကို စစ်ကျွံလာတဲ့သဘောမျိုး၊ လမ်းကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တဲ့ပုံစံပါ။ အသေအဆုံးကတော့ ကျနော်တို့ မျက်မြင်ကိုက ၂၀ လောက်ရှိမယ်။ နောက်ထပ် ထပ်ကြားတာကတော့ ၄၀ ဝန်းကျင်လောက် သေတယ်ပြောတယ်။ ရလိုက်တာကတော့ လက်နက်တွေရယ်၊ အလက်ငယ်တွေရယ်၊ ဂျမ်ဘာစက်တွေရယ် ရလိုက်တယ်။ ဂရုစိုက်နေပေါ့၊ နောက်တခါ ထပ်မတွေ့စေနဲ့ပေါ့၊ ဇီးရိုးကကောင်တွေကို ရှောင်လို့ပဲ ပြောရမှာပဲ” လို့ ပြောပါတယ်။
မြင်းခြံမြို့ပေါ်မှာ ရွှေဆိုင်ဓားပြမှုတွေ၊ လုယက်မှုတွေနဲ့ ပြန်ပေးဆွဲပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက PDF တွေ ကျူးလွန်တာလို့ စွပ်စွဲခဲ့ပါတယ်။ မြင်းခြံခရိုင်တခုလုံးနီးပါးကို PDF တွေက လွှမ်းမိုးထားပြီး မြို့ပေါ်နေရာတချို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်က PDF တွေဆီကို နည်းလမ်းစုံနဲ့ဆက်သွယ်ပြီး စစ်ကောင်စီဘက်ကို ကူးပြောင်းဖို့ မက်လုံးပေး စည်းရုံးတာတွေလည်း ရှိခဲ့ပါတယ်။
မြင်းခြံခရိုင်တပ်ရင်း၉-MBT မှ ဗိုလ်မိုက်ခဲက “မြို့ထဲမှာ ဓားပြတိုက်နိုင်တာ ဘယ်သူတွေပဲ ရှိတာလဲ၊ သေချာစဉ်းစားကြည့်၊ ဒါ ပြည်သူတွေလည်း သိပါတယ်၊ အားလုံးလည်း သိပါတယ်။ ဒါပေမဲ့ PDF နာမည်တွေကို အလွဲသုံးစားလုပ်တယ်။ ပြည်သူနဲ့ PDF ကြားမှာ သွေးခွဲမှုတွေ အမျိုးမျိုးလုပ်တာပေါ့။ ဒါ သူတို့ရဲ့ ဗျူဟာတခုလိုပဲ ဖြစ်နေပါပြီ။ ဒါ ရှင်းရှင်းလေးပဲ၊ သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့တွေပဲလေ။ စစ်ရေးကို အဓိကသွားရမှာပေါ့နော်၊ သူတို့ရဲ့ လှည့်ကွက်တွေ၊ သူတို့ရဲ့ ကစားကွက်တွေ အားလုံးက ကလေးသာသာအဆင့်ပဲ ရှိပါတယ်။ သေချာတာတခုကတော့ ညီလေးတို့ မြင်းခြံခရိုင်တခုလုံးကို တနေ့နေ့ တချိန်ချိန်မှာ မရရအောင် သိမ်းသွားမှာပဲ။ ဒါကတော့ ညီလေးတို့ MBT တပ်ဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ သွားမယ့်လမ်းကြောင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကိုင်း-မကွေးက PDF တွေ မန္တလေးတိုင်းဘက်ကို ဝင်ရောက်ဖို့ စစ်ရေးအရ အရေးပါတဲ့နယ်မြေ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကတည်းက ဒီဒေသမှာ ပျူစောထီးတွေကို စစ်သင်တန်းပေးတာ၊ လက်နက် တပ်ဆင်ပေးတာတွေ ပြုလုပ်ပြီး စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
သုတချမ်းသာ