မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်က ပျူစောထီး သီတာယုမွန်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်ကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မြင်းခြံမြို့အဝင် နန်းမြင့်တောင်ကြားမှာ ပျူအုပ်စုနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ကြတာပါ။ သူတို့ဘက်က ၁၀ ယောက်ထက်မနည်း သေတာကတော့ မျက်မြင်ပါဗျ။ ထွက်ပြေးသွားကြသူတွေလည်း ရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြပါတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကနေ MA1 သေနတ် ၅ လက်၊ MA3 သေနတ် ၃ လက်၊ G3 သေနတ် ၄ လက်၊ ကိုးလုံးကျည်ထည့်သေနတ် ၁ လက်၊ ဒရုန်းဖျက် Shooter ၁ လက်နဲ့ Jammer စက် ၁ လုံး အပါအဝင် စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတယောက်က “သီတာယုမွန်အဖွဲ့ရဲ့ ကားကို ဒီဘက်ကရဲဘော်တွေ ဖြတ်တိုက်ခဲ့ကြတာ။ သီတာယုမွန် ထိ မထိ ဆိုတာကတော့ မသိရသေးဘူးဗျ။ ဖြစ်စဥ်က မနက်ပိုင်းမှာ ဖြစ်ခဲ့ပြီးတော့ ညနေပိုင်းရောက်တော့ သီတာယုမွန်ရဲ့ အိမ်မှာ အလောင်းထည့်ဖို့ အခေါင်း ၆ လုံး ပြင်ထားတယ်။ တိုက်ခံရတဲ့ကားပေါ်မှာလည်း အလောင်းတွေ ရှိနေသေးတယ်။ ညနေအထိ အလောင်းလာမကောက်နိုင်ကြသေးဘူးလို့ သိရတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ သီတာယုမွန် ကိုင်တဲ့ သေနတ်လည်း ပါတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
မြင်းခြံမြို့ရဲ့ တောင်ဘက် ၃ မိုင်အကွာ နယ်ကျွံ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီ ၁၂ ရက် မနက်ခင်း ၈ နာရီ မိနစ် ၅၀ လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ မြင်းခြံဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်ကလည်း ပြောပါတယ်။
“မြင်းခြံမြို့ထဲကနေ တောင်ဘက်ကိုထွက်သွားတာ။ တိုက်ပွဲက ဒီနေ့ မနက်ခင်းကြမှ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်ပြီး မြင်းခြံမြို့ထဲက စစ်ကြောင်းလည်း တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကြောင်းထိုးသွားနေပြီဗျ။”
အခုတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မန်ဒိုအဖွဲ့ 2IC ကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁ က ကိုတီးတို့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၁၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၃ နဲ့ မြင်းခြံခရိုင်ရပ်ကျေး ပကဖ ကိုစွန်ရဲအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၇ ရဲ့ 2IC ကိုဗညားက “ကျနော်တို့ မြင်းခြံတောင်ဘက်၊ နန်းမြင့်တောင်ကြားမှာ တိုက်ပွဲဖြစ်တာဗျ။ အဲဒီလမ်းက မြင်းခြံနဲ့ တောင်သာကို သွားတဲ့ လမ်းမပေါ်မှာ အခုတိုက်ပွဲဖြစ်တာလို့လည်း ပြောလို့ရတယ်။ စစ်ကြောင်းက မနေ့က မြင်ခြံမြို့အတွင်းကနေ ဖောကားတစီး၊ ခွေးဘီးလူးတစီး စုစုပေါင်း ၂ စီးနဲ့ တောင်သာလမ်းအတိုင်း ထွက်လာတာကို ကျနော်တို့ဘက်က ပိတ်ဆို့ပြီး ဒီနေ့မနက်ခင်း တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်က စတင်ခဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation–MDSO) ရဲ့ တစိတ်တပိုင်းဖြစ်ပြီး တိုက်ပွဲမှာ PDF ရဲဘော် ၃ ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
တပ်ထောက်ခံတဲ့ မှိုင်းဝေရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ မြင်းခြံပြည်သူ့စစ် သီတာယုမွန်နဲ့ အဖွဲ့ယာဥ်တန်း မြင်းခြုံ-တောင်သာကြားက တိုးဂိတ်နဲ့ အမေဂျမ်းနတ်စင်ကြားမှာ ခြုံခိုတိုက်ခိုက်ခံရပြီး ပြည်သူ့စစ် ၄ ယောက် သေဆုံးကာ သီတာယုမွန် ကတော့ ဘေးကင်းကြောင်းနဲ့ PDF တွေဘက်ကလည်း ကျဆုံးမှုတွေရှိပြီး အဲဒီသွေးကြွေးကို မကြာခင်မှာ ပြန်ယူမယ်လို့လည်း ရေးသား ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၃ ရက်ကလည်း မြင်းခြံခရိုင်အတွင်း ငါန်းဇွန် တောင်အောက်ရွာအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကလည်း အထိအခိုက် အကျအဆုံးများစွာ ရှိခဲ့ပါတယ်။