ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးက ချောင်းသာမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့်ဆိုပြီး Non-CDM ဝန်ထမ်းတွေရဲ့ မိသားစုတွေကို ဘေးလွတ်ရာ ကြိုတင်ပြောင်းရွှေ့ဖို့ ခေါ်ယူအသိပေး ပြောဆိုထားတယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဝဏ္ဏစိုးက ပညာရေးနဲ့ ထွေအုပ်ဝန်ထမ်းတွေ အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ အစည်းအဝေး ခေါ်ယူ ပြောဆိုအသိပေးခဲ့တာလို့ ဆိုပါတယ်။
“မြို့အုပ်ကြီးက တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်ပေါ့ ပြောတာ။ ဝန်ထမ်းမိသားစုတွေထဲက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို စစ်ဘေးနဲ့ဝေးရာဒေသကို ပို့ဆောင်ဖို့ ရွှေ့ပြောင်းဖို့ ကြိုတင်ပြင်ဆင်ကြဖို့ပြောတာ” လို့ စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီခန့် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဝဏ္ဏစိုးက မကျီးဇင်တိုက်နယ်နဲ့ ရွှေသောင်ယံမြို့ ဆေးရုံကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းယူပြီးနောက် အခုလို အစည်းအဝေးခေါ်ယူ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ချောင်းသာဒေသခံတယောက်က “ရွှေသောင်ယံမြို့တခုလုံး အသိမ်းခံရရင် ဒီဘက်ချောင်းသာမြို့ပဲ ကျန်တော့တာ။ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ဒီနေ့လည်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကြားတယ်။ လေယာဉ်သံတွေလည်း ကြားတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ ပုသိမ်-ချောင်းသာ-ငွေဆောင် လမ်းအတိုင်း စစ်ကား ၇ စီးနဲ့ စစ်ကောင်စီတပ်သားတွေ တင်ဆောင်ကာ အင်အားလာရောက်ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ရွှေသောင်ယံမြို့ တပ်ရိပ်သာထဲမှာ စုဖွဲ့တပ်စွဲထားပြီး ကျောက်မောင်နှမကမ်းခြေနဲ့ တပင်မှော်ကျေးရွာဘက်မှာ တပ်သားခန့်မှန်း အင်အား ၅၀ လောက် နေရာယူထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။