ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ တိုက်ပွဲပြင်းထန်နေချိန် ချောင်းသာမှာ စစ်ကောင်စီက အင်အားဖြည့် ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့က ချောင်းသာမြို့၊ စကားဝါတောင်ပေါ်မှာ စစ်တပ်လာရောက်တပ်စွဲထားပြီး ဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ချောင်းသာကမ်းခြေဒေသခံတယောက်က “စစ်တပ်က တင့်ကားတွေကို ဝက်သေကျေးရွာကို ပို့ထားတယ်။ စကားဝါတောင်ပေါ်တပ်လာစွဲတာ ၁၀၀ ကျော်လောက်ရှိတယ်။ ခံစစ်ပြင်ထားတာ။ ရေတပ်သင်္ဘောတွေ ချောင်းသာနဲ ရွှေသောင်ယံဘက်ရောက်လာနေတယ်။ စစ်သားတွေပို့တာ အများကြီး။ ဝက်သေကျေးရွာနဲ့ ရွှေသောင်ယံဘက်ပို့ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေဟာ ချောင်းသာကမ်းခြေဘက်ကို ရောက်ရှိနေပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံနောက်တယောက်က “စစ်တပ် စကားဝါတောင်မှာ လာပြီးတပ်စွဲတာ။ မနေရဲတော့ဘူးလေ အများစုက စစ်ရှောင်ဖို့ ပုသိမ်ကိုသွားကြပြီ။ ဝန်ထမ်းတွေ ပုသိမ်ဘက် ရှောင်တာတွေရှိတယ်။ ရွှေသောင်ယံမှာ တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ပစ်သံတွေ အစုံကြားနေရတာ” လို့ ပြောပါတယ်။
ရွှေသောင်ယံဟာ ချောင်းသာမြို့နဲ့ ၈ မိုင်ကျော်ပဲဝေးပြီး ချောင်းသာဘောလုံးကွင်းထဲမှာ စစ်ကောင်စီက ရဟတ်ယာဉ်ကွင်းတခုအရေးပေါ်ဆောက်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုသိမ်ဒေသခံတယောက်ကလည်း ကမ်းခြေဘက်ကစစ်ရှောင်လာသူတွေနဲ့ သာပေါင်းမြို့နယ်ဘက်က စစ်ရှောင်လာသူတွေ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပိုရောက်လာတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်လောက်ကစပြီး စစ်ကောင်စီက အမြောက်တွေ၊ တင့်ကားတွေကို ကမ်းခြေဒေသကိုပို့ပြီး ခံစစ်ပြင်နေတာလို့ ရန်ကုန်-ပုသိမ်လမ်းပေါ်မှာ တင့်ကားတွေ သွားလာတာကို မြင်ခဲ့ရသူတယောက်က DVB ကို ပြောပါတယ်။
ချောင်းသာ၊ ငွေဆောင်ကမ်းခြေက ပြည်သူတော်တော်များများဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့ကနေတိမ်းရှောင်သွားကြပြီး ကမ်းခြေဒေသက ဆိုင်တွေ ဟိုတယ်တွေကို မပိတ်ဖို့အတွက် စစ်ကောင်စီဘက်က ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က မကျီးဇင်ရွာကို အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက သိမ်းလိုက်ပြီးချိန်မှာ စစ်တပ်ဘက်က ထွက်ပြေးသွားသူတွေ ပိုများလာတယ်လို့ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
လက်ရှိမှာတော့ ရွှေသောင်ယံမြို့ကိုတိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေကြောင်း၊ ရေကြောင်းကနေ ခုခံနေသလို ရွှေသောင်ယံမြို့က ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးရုံတို့ကို AA နဲ့ပူးပေါင်းတပ်တွေက သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေပါတယ်။