Home
မြန်မာသတင်း
ချောင်းသာနှင့်ရွှေသောင်ယံသို့ ရောက်နေသည့် ဂွမြို့နယ်က စစ်ရှောင်များကို နှင်ထုတ်
DVB
·
December 15, 2024
Refugees2_15122024
Refugees_15122024
Refugees1_15122024-1
Refugees1_15122024

ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ ဧရာဝတီတိုင်း၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ်ဆီ ပြန်သွားဖို့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက နှင်ထုတ်နေတယ်လို့ စစ်ရှောင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလ ပထမအပတ်က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားတာကြောင့် ဂွမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင် လာသူတွေဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်ကနေ ၇ ရက်အတွင်း အပြီးထွက်ခွာရန် သတိပေးနှင်ထုတ်ထားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က “စစ်ရှောင်တွေက ဂွဘက်ကနေလာတာပါ။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် အယောက်က ၄၀၀ လောက်ရှိမယ်။ တိုက်ပွဲများ ပြင်းထန်လာကြောင့် ရခိုင်နဲ့  အနီးစပ်ဆုံး ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာ။ လုံးဝ နေထိုင်ခွင့်မပြုနိုင်ဘူးပေါ့ပြောတာ” လို့ ပြောပါတယ်။

ရွှေသောင်ယံနဲ့ ချောင်းသာကမ်းခြေကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ရဟိုင်ကွင်း၊ ရဟိုင်ကူးတို့၊ ကျောက်ကြီး၊ ရဟိုင်ဖျား၊ ကွမ်းရားရှည် စတဲ့ကျေးရွာတွေကနဲ့ ဂွမြို့ပေါ်က ဖြစ်တယ်လို့သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက် “AAနဲ့ တပ် တိုက်ပွဲ ပြင်းထန်နေတာကြောင့် ရှောင်လာတဲ့ စစ်ဘေးရှောင်တွေပါ။ တိုက်ပွဲက ရက်ဆက်ဖြစ်နေတော့ စစ်ရှောင်က များလာဖို့ပဲရှိတယ်။ ဒီဘက်က နေခွင့်လုံးဝမပြုဘူး။ အုပ်ချုပ်ရေး အဖွဲ့နဲ့တပ်က နှင်ထုတ်နေတာ။ သတ်မှတ်ရက် မပြန်ကြရင် အင်အားသုံးနှင်ထုတ်မယ့်အခြေအနေအထိရှိတယ်” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေက လက်ရှိ တောစပ်၊ လမ်းဆုံလမ်းခွနဲ့ ကမ်းခြေအနီးမှာ ယာယီတဲထိုး နေထိုင်နေကြတာဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေ၊ PDF တွေလို့ စစ်ကောင်စီက စွပ်စွဲဖမ်းခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည် ဂွမြို့မှာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေသလို အာရက္ခတပ်တော် AA တပ်က မြို့အတွင်းကိုဝင်ရောက်ခဲ့ပြီး ဂွမြို့တွင်းနေရာအများစုကို AA က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - VV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013