Home
မြန်မာသတင်း
ရခိုင်တွင် မိုးစပါး ဈေးကောင်းမရ၊ ပေါ်ဆန်းမွှေး ဝယ်သူမရှိသလောက် ဖြစ်နေ
DVB
·
December 15, 2024

ရခိုင်မှာ ၂၀၂၄ ခုနှစ်ထွက်တဲ့ မိုးစပါး ဈေးကောင်းမရဘဲ ပေါ်ဆန်းမွှေးဆိုရင် ဝယ်သူမရှိ ဖြစ်နေတယ်လို့ လယ်ယာလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ရိုးရိုးစပါး တင်း ၁၀ဝ ကို ကျပ် ၉ သိန်းဝန်းကျင်လောက်ပဲ ဈေးရပြီး စိုက်ပျိုးစရိတ်ကလည်း အရင်ကထက် များတာကြောင့် လယ်သမားတွေအတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။

လယ်ယာလုပ်ကိုင်သူတယောက်က “ရိုးရိုးစပါးကတော့ ဝယ်ကြပါတယ်။ ဒါပေမဲ့ စျေးမရပါဘူး။ တင်း ၁၀ဝ ကို ကျပ် ၉ သိန်းဝန်းကျင် လောက်ပဲရတယ်။ ပေါ်ဆန်းမွှေးဆိုရင် ဝယ်မယ့်သူက မရှိသလောက်ပဲ။ အရင်နှစ်ကစပါး ဆိုရင်တော့ တင်း ၁၀ဝ ကို ၁၅ သိန်းပေးပြီး ဝယ်ကြတယ်။ လက်ရှိဖြစ်နေတဲ့ စပါးစျေးတွေကတော့ စိုက်ပျိုးထားတဲ့ ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဘာမှ လယ်သမားတွေအဖို့ အဆင်မပြေနိုင်ပါဘူး” လို့ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ်အတွင်းက စပါးပေါ်ချိန်အတွင်းဆို ရိုးရိုးစပါးတင်း ၁၀ဝ ကို ကျပ် သိန်း ၁၀ ကျော်နဲ့ ပေါ်ဆန်မွှေးစပါး တင်း ၁၀ဝ ကို ကျပ်သိန်း ၂၀ ဝန်းကျင်အထိစျေးရှိခဲ့တာဖြစ်ပြီး ပေါ်ဆန်မွှေးစပါးဟာ ရိုးရိုးစပါးထက်ရောင်းအားလည်း ပိုကောင်းခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ချိန်ကစလို့ လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံထားရတာကြောင့် ပြည်မကိုတင်ပို့နေကျဖြစ်တဲ့ ဆန်စပါးအရောင်းဝယ်လုပ်ငန်းတွေအားလုံး ရပ်တန့်သွားခဲ့ရပြီး စပါးတွေ ရောင်းမထွက်တော့တာပါ။

ဒါကြောင့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်ကစလို့ ဆန်စပါးဝယ်သူ မရှိသလောက် ဖြစ်သွားပြီး လက်ရှိအချိန်ထိလည်း လမ်းကြောင်းတွေ အပိတ်ခံထားရဆဲ ဖြစ်ပါတယ်။

ရခိုင်က ဆန်စပါးအရောင်းဝယ်လုပ်သူတယောက်က “တိုက်ပွဲဖြစ်တော့ ရခိုင်က ဆန်စပါးတွေ ဈေးကွက်ပျောက်သွားတယ်။  ဘယ်ကိုကုန်ကူးလို့ ကူးရမှန်းမသိတော့ဘူး ဖြစ်သွားတာလေ။ ဒီတော့ လုပ်ငန်းတွေ အကုန်ရပ်ထားကြတယ်။ အခုတချို့က ဘင်္ဂလားဘက်ကို သွားကြတယ်။ ဒါလည်း တနိုင်တပိုင်လောက်ပဲ သွားနိုင်ကြတယ်။ အဲဘက်မှာလည်း ရိုးရိုးစပါးပဲ ဝယ်ကြတယ်။ ဒါကြောင့် အဆင်မပြေဖြစ်နေတာပေါ့” လို့ဆိုပါတယ်။

ရခိုင်မှာ အခု ၂၀၂၄ ခုနစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးစရိတ် အလွန်ကြီးတာကြောင့် မြေသြဇာတွေလည်း အသုံးမပြုနိုင်ကြဘဲ လက်ရှိ စပါးပေါ်ချိန်မှာ စပါးအထွက်နှုန်းလည်း အရင်နှစ်တွေကထက် ထက်ဝက်လောက် ကျဆင်းခဲ့တယ်လို့ လယ်ယာလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

လယ်ယာလုပ်ကိုင်သူတွေဟာ စိုက်ပျိုးစရိတ်ကြီးတာ၊ စပါးအထွက်နှုန်းကျတာ၊ စပါးဈေးကောင်းမရတာ စတဲ့ပြဿနာတွေကြောင့် နောက်နှစ် လယ်ယာလုပ်ကိုင်ဖို့ကို တွန့်ဆုတ်နေကြပြီလို့လည်း လယ်သမားတွေက ပြောကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013