မောင်တောမြို့ပေါ်က ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာ ၇ လကျော်လာပြီဖြစ်တာကြောင့် မိမိနေရပ်ကို အမြန်ဆုံး ပြန်သွားချင်တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
မောင်တောဒေသခံ ကိုထူးထူးက “အခုလက်ရှိတော့ မောင်တောမြို့ခံတွေက မြို့ထဲဝင်လို့ မရသေးဘူး။ မကြာခင်တော့ ဝင်လို့ရမယ် ပြောတယ်။ ဘယ်နေ့အတိအကျတော့ မသိရသေးပါဘူး။ ရှင်းလင်းရေးတွေ လုပ်ရဦးမယ်လို့ပြောတယ်။ စစ်ရှောင်နေရတာ ၇ လကျော်ပြီ။ တိုက်ပွဲစဖြစ်ကတည်းက ရှောင်လာတာဆိုတော့ ထိုင်စားနေတာလည်း ကုန်ပြီလေ။ ဒီအနားတဝိုက် တော၊ တောင်တွေမှာပဲ ငါးရှာလိုက်၊ ဟင်းရှာလိုက်နဲ့ ရှာစားနေကြရတာ။ AA ကလည်း မောင်တောတမြို့လုံးကို သိမ်းပိုက်နိုင်ပြီဆိုတော့ အမြန်ဆုံး မိမိနေရပ်ကို ပြန်ခွင့်ရချင်ပြီလို့” လို့ ပြောပါတယ်။
ဒါပေမဲ့ မောင်တောမှာ နခခ ၅ က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ နဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးနဲ့ နီးစပ်သူတစ်ယောက်က “အဓိကက ARSA ၊ RSO ၊ ARA တို့ မြို့ထဲမှာ ကစဉ့်ကလျားထွက်ပြေးနေတာကြောင့် ရှင်းလင်းရေးကို သေချာလုပ်ဆောင်နေတယ်၊ ပြီး မိုင်းရှင်းလင်းရေးတွေလည်း သေချာလုပ်ရဦးမယ်။ သေချာရှင်းလင်းရေး လုပ်ဆောင်ပြီးရင်တော့ အမြန်ဆုံးဝင်ခွင့်ရမှာပါ” လို့ ပြောပါတယ်။
မောင်တော ဒေသခံတယောက်ကလည်း မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA တို့ အကြမ်းဖက်မှုတွေ ထပ်ပြီးမလုပ်နိုင်အောင် နယ်မြေရှင်းလင်းရေးကို အကောင်းဆုံး လုပ်ဆောင်ပေးစေလိုပြီး ဂိတ်တွေမှာလည်း လုံခြုံရေးတွေကို တိုးမြှင့်ချထားစေချင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစပြီး မောင်တောမြို့က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်က ကျန်ရှိနေတဲ့ နခခ ၅ စစ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ကေခိုင်