Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်တလျှောက် လုံခြုံရေးတင်းကျပ်  
DVB
·
December 10, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမြို့နယ်၊ တက္ကနဖ်၊ အူဇီလာမှာ နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် ချထားလိုက်တယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။  

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့က နယ်စပ်ရဲ့ ကုန်းကြောင်းနဲ့ ရေလမ်းကြောင်းတလျှောက်မှာ ကင်းလှည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တက္ကနဖ်ဒေသခံ UNO အရာရှိ ရှိတ်ခ်အာဆန်အူဒင်က “တက္ကနဖ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ လအတန်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်။ အခု AA ဟာ မြန်မာနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီလို့ ဖြစ်တယ်။ ဒါကြောင့် ဒေသခံ ငါးဖမ်းသမားတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုအပ်တယ်" လို့ အသိပေးထားပါတယ်။

နတ်မြစ်နယ်နိမိတ်တလျှောက် မငြိမ်မသက်မှုတွေ ပိုဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေနဲ့ သင်္ဘောတွေအားလုံးကို နတ်မြစ်အတွင်း ရခိုင်ရေပြင်ကို ရှောင်ရှားဖို့ အရေးကြီးတယ်လို့ UNO အရာရှိက အလေးပေးပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် BGB နယ်ခြားစောင့်တပ်နဲ့ ကမ်းရိုးတန်းစောင့်တပ် နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုတွေကို တားဆီးနိုင်ဖို့ ကင်းလှည့်မှုတွေ တိုးမြှင့်ထားတယ်လို့လည်း UNO အရာရှိက ပြောပါတယ်။

တက္ကနဖ် BGB ရဲ့ ယာယီတပ်မှူး ဗိုလ်မှူး ဆာယက်ဒ်အစ်တက်မာရှက်ဒ်က ရခိုင်ပြည်နယ်အတွင်း ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အန္တရာယ်များတဲ့ နယ်စပ်ဒေသတွေမှာ ကင်းလှည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

BGB တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေ ဝင်ရောက်မှု တားဆီးဖို့နဲ့ လုံခြုံရေး အာမခံဖို့ နတ်မြစ်နဲ့ ကုန်းမြေဧရိယာတွေမှာ တပ်လှန့်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် AA ကလည်း ဒီဇင်ဘာ ၈ ရက်မှာ မောင်တောတမြို့လုံးကို သိမ်းပိုက်ရရှိပြီးနောက် စစ်ရေးလိုအပ်ချက်နဲ့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားပြီလို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013