Home
မြန်မာသတင်း
စစ်ခေါင်းဆောင်တက်မည့် ကျောင်းဆင်းပွဲများ ရှိသဖြင့် မင်္ဂလာဒုံနှင့် မှော်ဘီတွင် လုံခြုံရေး တင်းကျပ်
DVB
·
December 9, 2024

စစ်ခေါင်းဆောင် တက်ဖို့ရှိတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေရှိလို့ မင်္ဂလာဒုံ၊ မှော်ဘီနဲ့ ဆက်စပ်မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်မှုတွေ လုပ်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ စစ်ဆေးတက္ကသိုလ်နဲ့ စစ်သူနာပြုတက္ကသိုလ် ကျောင်းဆင်းပွဲရှိသလို မှော်ဘီမြို့နယ်မှာ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ လုပ်ဖို့ရှိတာဖြစ်ပြီး ပြုလုပ်မယ့်ရက်တွေကိုတော့ စစ်တပ်က လျှို့ဝှက်ထားပါတယ်။

အဲဒီကျောင်းဆင်းပွဲတွေကို အရင်က ဒီဇင်ဘာလအတွင်း လုပ်လေ့ရှိတာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဟုတ်ရင် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း တက်လေ့ရှိတာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတယောက်က “ကျောင်းဆင်းပွဲ ကပ်လာလို့နေမယ်၊ လုံခြုံရေး ခပ်စိတ်စိတ်တွေ့လာရတယ်။ ရက်ကပ်ရင်တော့ ပိုပြီး တင်းကျပ်လာမယ် ထင်တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ရပ်ကွက်လမ်းထိပ်တွေမှာ စစ်တပ်က ကင်းချ လုံခြုံရေးယူတယ်။ အခုက ကင်းတော့ လာမချသေးဘူး” လို့ ပြောပါတယ်။

မှော်ဘီမြို့နယ်မှာလည်း ဒီရက်ပိုင်းအတွင်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိလာလို့ ညဘက် အသွားအလာ သတိထားနေရတယ်လို့ မြို့ခံတယောက်က ဆိုပါတယ်။

“ကျောင်းဆင်းပွဲကြောင့်လား၊ လေတပ်စခန်း တိုက်ခိုက်ခံရလို့လားတော့ မပြောတတ်ဘူး။ ညဘက် အစစ်အဆေးတွေ ရှိတယ်။ ပန်းတပွင့်ဘက်မှာ တော်တော်ကျပ်တယ်။ ဇီးရိုးမိုင်ဂိတ်မှာလည်း အစစ်အဆေးများတယ်။”

မှော်ဘီလေတပ်စခန်းမှာ ဒီဇင်ဘာ ၆ ရက်က ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရသလို ကျောင်းဆင်းပွဲပြုလုပ်မယ့် စစ်ဆေးတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင်က မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၀ ရက်က အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013