Home
မြန်မာသတင်း
ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင်  စစ်တပ်အရာရှိတချို့ကို AA က ဖမ်းမိ
DVB
·
December 9, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်တပ်အရာရှိတချို့ကို အာရက္ခတပ်တော် (AA) လက်ရဖမ်းဆီးမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီလောက်က ကျောက်ပန္ဒူဘက်ကို ထွက်ပြေးတဲ့ လမ်းခုလတ်တနေရာမှာ ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် ARSA၊ RSO စတဲ့ စစ်ကောင်စီ ပူးပေါင်းလက်နက်ကိုင် အင်အား ၈၀ ကျော်နဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်းမှာပဲ လက်ရဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ရခိုင်စစ်ရေးသတင်းရင်းမြစ်က “မနေ့က ၅ နာရီလောက်ဖြစ်မယ် တိုက်ပွဲထဲမှာပဲ ဖမ်းဆီးရမိတာပါ။ ကျောက်ပန္ဒူဘက်ကို သွားရင် သီဟိုဠ်ခြံရှိတယ် အဲဒီမှာပဲ တိုက်ပွဲဖြစ်ရင်း ဖမ်းဆီးမိခဲ့တာ။ သူရိန်ထွန်းအပါအဝင် အရာရှိတချို့ရယ် မွတ်ဆလင်လက်နက်ကိုင်အင်အား ၈၀ လောက်ပါတယ်" လို့ ပြောပါတယ်။

မောင်တောမြို့နယ် တခုလုံးကို AA က သိမ်းပိုက်ရရှိပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ARSA ၊ RSO စတဲ့ စစ်ကောင်စီပူးပေါင်းလက်နက်ကိုင်တချို့ရှိနေသေးတာကြောင့် တိုက်ပွဲက ဆက်လက်ရှိနေမယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက် ၉ နာရီခွဲလောက်မှာ မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို အာရက္ခတပ်တော် (AA) က  အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013