အာရက္ခတပ်တော် (AA) က မောင်တောမြို့နယ်မှာ တခုတည်းကျန်တဲ့ နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က ဒီနေ့ ထုတ်ပြန်လိုက်ပြီး ပိတ်မိနေစဉ်က စစ်ကောင်စီတပ်သားတွေရဲ့ အကူအညီတောင်းခံခဲ့တဲ့ ရုပ်သံတခုလည်း ပေါ်ထွက်လာပါတယ်။
အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က နယ်ခြားစောင့်တပ် နခခ ၅ မှာ ပိတ်မိနေတဲ့ စစ်သားနဲ့ ရဲတွေက သူတို့ကို အကူအညီပေးဖို့ ငိုယို တောင်းခံထားပါတယ်။ အရေအတွက်အနေနဲ့ ရာဂဏန်း ရှိနိုင်ပြီး သူတို့ ပိတ်မိနေတာ ဩဂုတ် ၄ ရက်ကနေ နိုဝင်ဘာ ၈ ရက်အထိ ၃ လကြာ နေပြီလို့ စစ်သားတယောက်က ရုပ်သံထဲမှာ ပြောဆိုထားပါတယ်။
အာရက္ခတပ်တော် (AA) က မောင်တောမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်မှာ စတင်ခဲ့ပြီး နခခ ၅ ကလွဲလို့ စခန်းတွေ အားလုံးကို သိမ်းယူထားပါတယ်။
စစ်ကောင်စီက နခခ ၅ ကို လေကြောင်းကနေသာ စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ ပို့နိုင်ခဲ့ပါတယ်။ AA ကလည်း နခခ ၅ ကို သိမ်းနိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာပါ။
အခု ရုပ်သံဖိုင်ဟာ နိုဝင်ဘာလက ရိုက်ကူးထားတာဖြစ်ပြီး တလအကြာ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပေါ်ထွက်လာတာဖြစ်ပြီး အခုလက်ရှိ နခခ ၅ ကို AA က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဗွီဒီယိုထဲက စစ်သားတွေနဲ့ ရဲတွေရဲ့ ကံကြမ္မာက ဘယ်လိုရှိမယ်ဆိုတာ မသိနိုင်သေးပါဘူး။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ ၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA)က AA က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်လို့ ၆ လကျော်ကြာမှာ သိမ်းပိုက်နိုင်တာပါ။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၅ ကို ဦးဆောင်နေတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်က စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိအချို့ဟာလည်း ARSA အဖွဲ့ရဲ့ အကူအညီနဲ့ ထွက်ပြေးသွားတယ်လို့ နခခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
နခခ ၅ ကနေထွက်ပြေးကြသူတွေကို လိုက်လံရှင်းလင်းနေလို့ အဲဒီ အနီးအနားသာမက မောင်တောဒေသရဲ့ တခြားနေရာတွေမှာပါ တိုက်ပွဲတွေဆက်ဖြစ်နေသလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း RSO၊ ARSA၊ ARA စတဲ့အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်၊ နတ်မြစ်တလျှောက်မှာ စက်လှေ၊ မော်တော်၊ လှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေကြတာကြောင့် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားတာကို ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲကစလို့ အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီနေ့ညနေမှာ ထုတ်ပြန်ပါတယ်။