Home
မြန်မာသတင်း
ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် မင်္ဂလာဒုံ လေတပ်စခန်းနှင့်လေဆိပ်ကို လုံခြုံရေးတိုးမြှင့်
DVB
·
December 8, 2024

မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပြီးနောက် မင်္ဂလာဒုံလေတပ်စခန်းနဲ့ လေဆိပ်ကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က မှော်ဘီလေတပ်စခန်းကို Brave Warriors of Myanmar တပ်ဖွဲ့က ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခဲ့ပြီးနောက် ၇ ရက်ကစပြီး မင်္ဂလာဒုံ လေတပ်စခန်း ပတ်ဝန်းကျင်နဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းဘေး ဘန်ကာတွေ၊ မျှော်စင်တွေမှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားတာ၊ စစ်ကားတွေနဲ့ ကင်းပတ်တာတွေ ပိုမိုလုပ်ဆောင်ကာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ အနီးနားမှာ နေထိုင်သူတွေနဲ့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

“မင်္ဂလာဒုံလေယာဉ်ကွင်း ဘေးပတ်လည်မှာ ဘန်ကာတွေ၊ မျှော်စင်လို ဘန်ကာတွေမှာ အရင်က လုံခြုံရေးစောင့်တဲ့ စစ်သားနဲ့ရဲက တယောက်လောက်ပဲထားတာ။ အခု မျှော်စင်တခုကို စစ်သားနဲ့ရဲက သုံးယောက်လောက်စီ ဖြစ်တာတွေ့ရတယ်။ စစ်ကားတွေနဲ့လည်း မကြာခဏ ကင်းလှည့်တာတွေ လုပ်နေတာ” လို့ မင်္ဂလာဒုံလေတပ်စခန်းရှေ့ကို နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အနီး ပတ်ဝန်းကျင်က ရပ်ကွက်တွေအတွင်း စစ်ကောင်စီက ကင်းလှည့်တာနဲ့ ရပ်ကွက်တွေအတွင်း ဧည့်စာရင်း စစ်ဆေးတာတွေကို ပိုမိုတင်းကျပ်စွာ ပြုလုပ်နေတယ်လို့ လေတပ်အနီးနေသူတွေဆီက သိရပါတယ်။

“စစ်ကားတွေ နဲ့ နေ့တိုင်းပတ်တယ်။ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေဆိုရင် သူတို့ကို မနည်းရှောင်နေရတာ။ တချို့က စစ်ကားတွေတင်မကဘူး၊ စစ်သားနဲ့ရဲတွေက ဆိုင်ကယ်တွေနဲ့ပါ ပတ်နေတာ။ သူတို့မသင်္ကာရင် အကုန်ဖမ်းတာ။ အလုပ်က ပြန်လာတယ် ပြောလည်းမရဘူး” လို့ မြောက်ဥက္ကလာပမြို့နယ် ကြံခင်းစုရပ်ကွက်မှာ နေသူတယောက်က ပြောပါတယ်။

ရန်ကုန်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိနဲ့ စစ်သည် ၁၅ ယောက် သေဆုံးကာ ထောက်ပို့လေယာဉ် ၁ စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024