ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာက အမျိုးသား ၄ ယောက်ကို ဒီဇင်ဘာ ၆ ရက်နေ့ညပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီနောက် သတ်ပစ်ပြီး အလောင်တွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နဲ့ ဦးစိုးကြီးတို့ဖြစ်ပြီး သူတို့အလောင်းတွေကို ချောင်းဂွ(ဂျီ)အုပ်စု၊ သဲကုန်းလေးရွာနားက ကားလမ်းမပေါ်မှာ စွန့်ပစ်ထားတာကို ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရွာသားတွေက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်သားတွေ အရပ်ဝတ်တွေနဲ့ ၈ ယောက်လောက် ရှိမယ်။ ရွာထဲ အိမ်စီးကားနဲ့ ဝင်လာပြီး ခုအသတ်ခံလိုက်ရတဲ့ လူတွေရဲ့အိမ်ကို တအိမ်ချင်း ဝင်ပြီး လာဖမ်းသွားတာ။ မေးစရာရှိလို့ ဆိုပြီး ပြောခေါ်သွားတာ၊ ပြီးတော့ မနက်ကျ အလောင်းတွေ လမ်းဘေးမှာတွေ့တာ။ ရွာသားတွေပါပဲ။ လယ်လုပ်နေတဲ့သူတွေ။ ဘာကြောင့်သတ်ပစ်တယ်ဆိုတာတော့ စဉ်စားမရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အပြစ်မဲ့ပြည်သူတွေကို PDF တွေက ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားတယ်လို့ ရေးသားနေကြပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက “ဟိုနေ့က (ဒီဇင်ဘာ၄) ခမရ ၆ က ဗိုလ်ကြီးနဲ့တပ်ကြပ် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ မဆိုင်တဲ့ပြည်သူတွေကို သတ်ပစ်တာ။ အဲဒီ အသတ်ခံရတဲ့သူတွေက ရိုး(ပဲခူးရိုးမ)ပေါ်တက်တဲ့ လမ်းဘေးမှာသူတို့ လယ်တဲတွေရှိတယ်။ စစ်သားတွေ ပစ်သတ်ခံရတဲ့နေ့ကလည်း လယ်တဲမှာ သူတို့ကရှိနေတာ၊ အဲဒါကို စစ်သားတွေ ရောက်လာပြီး PDF တွေကို မြင်လားပြောတာကို မမြင်ဘူးပြောလို့ ညကျ လာဖမ်းပြီး သတ်ပစ်တာ၊ ကျနော်တို့က အပြစ်မဲ့ပြည်သူတွေကို မသတ်ပါဘူး” လို့ DVB ကို ပြောပါတယ်။
သတ်ခံရတဲ့ အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ကောက်ယူသွားပြီး အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ခွဲဆီကို သယ်ဆောင်သွားတယ်လို့ အုတ်ဖိုမြို့နယ်အခြေစိုက် မြေအောက်ပြောက်ကျား တပ်ဖွဲ့ဝင်တယောက်ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်သွားသူတွေဟာ အာဏာမသိမ်းခင်က NLD ပါတီကို ဝန်းရံအားပေးသူတွေ ဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အငြှိုးထား ဖမ်းဆီးသတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသား ၆ ယောက်ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံရပြီး လည်ပင်းမှာ အနက်ရောင်သေမင်းတမန်အဖွဲ့ ဆိုတဲ့ စာတွေချိတ်ဆွဲပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်တာတွေ ဖြစ်ခဲ့ပါတယ်။