ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တယောက်ဟာ စစ်ကောင်စီကို ကင်းထောက်နေတုန်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ တပ်ဖွဲ့ဆီက သိရပါတယ်။
တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်မွန်ကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဆိုင်ကယ်နဲ့ ကင်းထောက်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှူး ဗိုလ်မိုးကြိုးလေးက ပြောပါတယ်။
“ပြေးဖို့လုပ်သေးတယ်။ သေနတ်နဲ့ ပေါင်အပစ်ခံထားရတော့ ပြေးမရတော့ဘူး။ ရက်ရက်စက်စက် သတ်ပစ်တာ။ မျက်လုံး ၂ လုံးလည်းဖောက်တယ်။ ခေါင်းတခြမ်းကိုလည်း သေနတ်ဒင်တွေနဲ့ ဝိုင်းထုထားတာ ကြေမွနေတာပဲ” လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်မွန်ကြီးဟာ အသက် ၅၂ နှစ် အရွယ်ရှိပြီး တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာ ၃ နှစ်ရှိပြီလို့ တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
“ရဲဘော်ရဲဘက်တွေကိုလည်း စိတ်ပျက်စရာ၊ အားလျော့စရာတွေ မပြောဘူး။ ခွန်အားတက်မယ့်စကားတွေပဲ အမြဲပြောတယ်။ တပ်ဖွဲ့အတွက်လည်း အရမ်းအားကိုးရတဲ့သူ။ သူ ကျဆုံးသွားပေမဲ့ သူ ဖြစ်စေချင်တဲ့ အာဏာရှင်ပြုတ်ကျရေးကို ကျန်ခဲ့တဲ့ရဲဘော်တွေ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်မွန်ကြီးရဲ့ ဖုန်းကို စစ်ကောင်စီက သိမ်းယူသွားသလို ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က အုတ်ဖိုမြို့နယ် ခမရ ၆ စစ်တပ်ကနေ ဆိုင်ကယ်တွေနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက် သေဆုံးခဲ့ပါတယ်။