Home
မြန်မာသတင်း
ထီးလင်းက ရဲ ၁ ဦး လက်နက်နှင့်အလင်းဝင်၊ တိုက်ပွဲ၌ စစ်တပ်က ၈ ဦးသေ၊ PDF ၁ ဦး ကျဆုံး
DVB
·
December 8, 2024
Photo: ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ရဲတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာပြီး ထီးလင်းမြို့နယ်ထဲကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အပါအဝင် ၈ ယောက် သေဆုံး၊ PDF ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

အဲဒီ ရဲတပ်သားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပေမယ့် စစ်ဆေးဆောင်ရွက်နေရတဲ့အတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာမှ သတင်းထုတ်ပြန်ရတာ ဖြစ်တယ်လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ထီးလင်းမြို့ပေါ် မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားက လက်နက်ခဲယမ်းတွေနဲ့အတူ ကျနော်တို့တပ်ရင်းဆီကို အလင်းဝင်ရောက်လာခဲ့တာပါ။ သူ့ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ စစ်ကောင်စီရဲ့ ပြည်သူအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တာ ကြာပြီတဲ့။ CDM လုပ်ပြီး ထွက်ပြေးဖို့ အရင်တကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ရဲတပ်သားဟာ MA 13 သေနတ် ၁ လက်၊ ကျည် ၁၄၂ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် အမျိုးညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့  ဂုဏ်ပြုဆုငွေကို ချီးမြှင့်ငွေပေးအပ်နိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ထီးလင်းမြို့မှာ စစ်ရေးပြင်းထန်လာနိုင်လို့ ထီးလင်းမြို့ပေါ်က ပြည်သူတွေ၊ စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ထွက်ခွာ အလင်းဝင်ရောက်ကြဖို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ထီးလင်း ပအဖ) က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီး အင်အား ၈၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၂၊ ၄၊ ၁၀၊ ၁၅၊ ၁၈ တို့ ထီးလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးညောင်ဦး (အောင်စိုးဦး) အပါအဝင် ၈ ယောက် သေဆုံး၊ ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက် ၃ လက်နဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဂန့်ဂေါခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ က ဒုစုမှူး ရဲဘော်နေလင်းအောင် ကျဆုံးခဲ့ရတယ်လို့လည်း ဂန့်ဂေါခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013