Home
မြန်မာသတင်း
ပေါင်းတည်၌ စစ်ကြောင်းတိုက်ခိုက်ခံရ၊ မတ္တရာတွင် စိုးမိုးနယ်မြေပြန်ရရေး တိုက်ပွဲဖြစ်
DVB
·
December 7, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ အင်အားဖြည့်ဖို့လာတဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး  မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီသိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းစခန်းကို အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျေးဖြူကွင်းနားမှာ မိုင်းဆွဲပြီး ဝိုင်းဝန်းပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ခွဲ ၅ က ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ပြီး အထိုင်ချတပ်စွဲထားတဲ့ တာဝါတိုင်စခန်းဆီကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

၃၆၀၁ PPDF တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက “အရင်ဆုံး ပတ်လည်မိုင်း ၄ လုံးနဲ့ ဆွဲတယ်။ ပြီးတော့ ကိုက် ၁၅၀ အကွာလောက်က လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တယ်။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြတယ်၊ ဒဏ်ရာရသွားတယ်ဆိုတာလည်း မျက်မြင်တွေ့ရတာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သိမ်ကုန်းရွာကို ကျရောက်ပြီး အမျိုးသား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းမှာတော့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်စိုးမိုးနယ်မြေတွေကို စစ်ကောင်စီက အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ လေကြောင်းကရော မြေပြင်ထိုးစစ်နဲ့ပါ သိမ်းပိုက်ထားခဲ့ပြီး အခု ပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ပြန်ဆင်လို့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

မတ္တရာဒေသခံတယောက်က “ဒီနေ့မနက်ခင်းမှာ တိုက်ပွဲထပ်ဖြစ်‌နေကြတယ်။ ပစ်ခတ်သံတွေကတော့ ဆူညံနေတာပဲ။ တိုက်ပွဲအတွင်းက အထိခိုက်အကျဆုံး အသေးစိတ်အခြေအနေကတော့ ဘာမှမသိရ သေးဘူး။ တိုက်ပွဲကလည်း မပြီးသေးဘူး။ နေ့ခင်းပိုင်းမှာ လက်နက်ပစ်သံက အနည်းငယ် ငြိမ်သွားတယ်။ ညနေ ၃ နာရီအချိန်မှာ တိုက်ပွဲပြန်ဖြစ် ကြတယ်။ ကျနော်တို့အရပ်သားတွေကတော့ ရွာထဲမနေရဲတာ ၃ လ၊ ၄ လလောက်တောင်ကြာနေပါပြီ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့သလို စစ်ရေးသတင်းရင်းမြစ် တယောက်ကတော့ မတ္တရာမြို့ရဲ့အနောက်မြောက်ခြမ်းက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေလည်းရထားတယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့နဲ့ ဒေသတွင်း LPDF တွေ ပူးပေါင်းတိုက်ခိုက်နေတာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024