Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်း၊ ဒေသခံများ တိမ်းရှောင်
DVB
·
December 6, 2024
Photo : Myat Tu

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းမှုတွေ ပိုမိုလုပ်ဆောင်လာလို့ ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ PDF တွေ ရခိုင်ရိုးမကနေ တဆင့်၀င်ရောက်လာတယ်လို့ ယူဆပြီး စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးနဲ့ ဒီဇင်ဘာ ၄ ရက်ကစတင်ကာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာကြောင့် စစ်ဖြစ်မှာကြောက်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ငရုတ်ကောင်းမြို့ခံတယောက်က “အလုပ်ကောင်းကောင်း မလုပ်ရဘူးပေါ့နော်။ စစ်သားတွေကို ရှောင်နေရတာ။ ယောကျ်ားလေးတွေဆို သူတို့လာတာနဲ့ အလုပ်လုပ်နေတာတွေ့ရင် PDF တွေ AA တပ်သားတွေဆိုပြီး ဖမ်းတာလေ။ နောက်ပြီး အကြမ်းဖက်အဖွဲ့တွေကို မဝှက်ထားနဲ့၊ ဝှက်ပေးထားရင် ဖမ်းမယ် ဆီးမယ် ပြောတာ။ တချို့တွေဆို ရွာတွေမှာ နေတောင်မနေတော့ဘူး ရှောင်နေကြတာ” လို့ ပြောပါတယ်။

ငရုတ်ကောင်းမြို့ထဲက ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ တင်းချောင်း၊ ကွင်းဘက်၊ ကျွေချိုင်၊ နံသာပု၊ ငရုတ်ကောင်း (၁) သဲဖြူ စတဲ့ ကျေးရွာတွေထဲက တောစပ်တွေမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ ကြက်၊ ဝက် တိရစ္ဆာန်တွေကို သတ်ဖြတ်ယူဆောင်တာတွေပါ လုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ တာဝန်ရှိသူက “တပ်က အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းတာတွေ ခပ်စိပ်စိပ် လုပ်နေတာ မှန်တယ်။ ရခိုင်စစ်ပွဲက ဧရာဝတီတိုင်းနဲ့ အနီးဆုံးမြို့တွေမှာ ဖြစ်နေတာကြောင့်လေ။ စခန်းချ ရှင်းလင်းနေတာ။ ဒီဘက် စစ်ပွဲမကူးဖို့ လုပ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်တဲ့ အရပ်သား ဒေသခံတွေကို တောအတွင်း သစ်၊ ဝါး ခုတ်ယူတာတွေ မလုပ်ဖို့၊ တောအတွင်းနေထိုင်ပြီး လယ်ယာလုပ်ငန်း မလုပ်ဖို့၊ လူစုဖွဲ့မနေဖို့ ညအိပ်နေထိုင်ပြီး အလုပ်မလုပ်ဖို့ စတဲ့အချက်တွေကို ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်းထဲက ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်း ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ကလည်း စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024