မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကို စစ်တပ်က ဒီဇင်ဘာ ၅ ရက် ည ၈ နာရီ ၄၅ မိနစ်က စတင်ပြီး ၁၀ နာရီအထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံ ရွာသားတွေထံကနေ သိရပါတယ်။
သားကျင်ရွာသားတယောက်က “ရွာအပေါ်ကနေ ၅ ကြိမ်ပတ်ပြီး ဗုံးကြဲသွားတာပါဗျ။ ကြဲတဲ့နေရာတွေက ရွာအရှေ့ပိုင်း၊ ရွာရဲ့ တောင်ပိုင်းနဲ့ ရွာအလယ်ကို ကြဲချတာပါ။ အဲလို ဗုံးကြဲချလို့ စာသင်ကျောင်းတကျောင်း ပျက်စီးတယ်။ နောက်ပြီးတော့ ရွာထဲက အိမ် ၄ လုံး မီးလောင်တယ်၊ နောက်ထပ်အိမ်တလုံး ပျက်စီးတယ်ဗျ။ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး သေဆုံးတယ်၊ ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိတယ်။ နွား ၄ ကောင်သေတယ်” လို့ ပြောပါတယ်။
သားကျင်ရွာဟာ တောင်သာမြို့နဲ့ ၁၅ မိုင်ခန့်သာကွာဝေးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ အိမ်ခြေ ၂,၀၀၀ နီးပါးခန့်ရှိတဲ့ စံပြကျေးရွာကြီးတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “လာကြဲတဲ့ လေယာဉ်အမျိုးအစားက Y12 စစ်ထောက်ပို့ တိုက်ခိုက်ရေး လေယာဉ်အမျိုးအစား ဖြစ်တယ်ဗျ။ သူတို့ကြဲတဲ့ ဗုံးသီးတွေက ၈၀ မမ၊ ၈၁ မမတို့ ဖြစ်တယ်။ ကြဲချသွားတဲ့ အလုံးအရေအတွက်က ၂၇ လုံး ကြဲသွားတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိသလို စစ်ကြောင်းထိုးတာလည်း မရှိဘူး။ သူတို့ ဘာသတင်းရလို့ လာကြဲတာလဲတော့ မသိရဘူး။ ကိုယ့်ဘက်ကလူတွေကလည်း အသွားအလာနဲ့ အနေအထိုင်ကို သိုသိုသိပ်သိပ် ဖြစ်ဖို့လိုပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ညပိုင်း လေယာဥ်နဲ့ ဗုံးကြဲပြီး ဒီဇင်ဘာ ၆ ရက် မနက်ခင်းပိုင်းမှာ ဆီမီးခုံအထိုင်စခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာကြောင့် အနီးဝန်းကျင်က ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။