Home
မြန်မာသတင်း
နွားထိုးကြီးမြို့နယ်၌ စစ်ကောင်စီတပ်ကလေယာဥ်ဖြင့်ဗုံးကြဲ၊  မိသားစုဝင် ၃ ဦးသေဆုံး
DVB
·
December 6, 2024
Photo-နွားထိုးကြီးမြို့နယ် ပအဖ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို ဒီဇင်ဘာ ၅ ရက် မနက်စောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် မိသားစုဝင် ၃  ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “မနက် ၄ နာရီခွဲလောက်မှာ စစ်တပ်ကလေယာဥ်နဲ့ ဗုံးကြဲသွားတာပါ။ အကြိမ်ရေလည်းများသလို ကြဲတဲ့အလုံးရေလည်းများတယ်။ အောင်ပန်းကုန်းရွာနဲ့ အောင်သာရွာကြားကိုကြဲသွားတာ။ အောင်ပန်းရွာအစွန်လောက်က အိမ်ပေါ်ကိုကျပြီး အဲ့ဒိအိမ်မှာအိပ်နေကြတဲ့ မိသားစုဝင် ၃ ဦးလုံး နေရာမှာတင်ဆုံးသွားတယ်။ သူတို့သမီးလေး အသက် ၁၀ နှစ်ကျော်အရွယ် မရွှေစင်ဖြိုး ဘဲကျန်တယ်။ အဲ့ဒါတောင် တခြားအိမ်သွားအိပ်နေလို့ဗျ။ အိမ်လည်းပျက်စီးသွားတာပေါ့။ အဲ့ဒိအိမ်က နွား ၅ ကောင်နဲ့ ဝက် ၁ ကောင်လည်း သေသွားသေးတယ်” လို့ ပြောပါတယ်။

လေယာဥ်နဲ့ဗုံးကြဲတာကြောင့် သေဆုံးသွားကြသူတွေဟာ အသက် ၄၈ နှစ်အရွယ် ဦးကျော်သူမိုး၊ ဇနီးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်အေးကြင်နဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်ပြည့်လျှံ တို့ဖြစ်ပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဒီမြို့နယ်ထဲက ပြီးခဲ့တဲ့လကုန်ပိုင်း ကတည်းက လေကြောင်းတိုက်ခိုက်တာ ဆက်တိုက်လုပ်နေတယ်။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်သွားတဲ့နေရာတွေအတော်များများက တိုက်ပွဲဖြစ်တာ မရှိဘူး။ လူနေရွာတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာတွေ့နေရတယ်။ အခုလည်း အောင်သာရွာနဲ့ အောင်ပန်းကုန်းရွာကြားကို တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးအလုံး ၂၀ နီးပါးကြဲသွားတာ” လို့  DVB ကို ပြောပါတယ်။

နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း နဘဲမြစ်ကျေးရွာက ကိုရီးယားဘာသာစကားသင်တန်းကျောင်း စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် စာသင်ဆောင်ပျက်စီးသွားကာ ကျောင်းသား ၂ ဦးသေဆုံးခဲ့သလို ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

နွားထိုးကြီးမြို့နယ်နေ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့​လေကြောင်းတိုက်ခိုက်မှုတွေကို သတိထား နေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေတူးထားကြပြီး လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို အထူးဆောင်ရွက်ထားကြဖို့ သတိပေးတိုက်တွန်းထားတယ်လို့ လည်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024