Home
မြန်မာသတင်း
နွားထိုးကြီးတွင် ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲ၊  ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
DVB
·
December 4, 2024
Photo-နွားထိုးကြီး PDF
Photo-နွားထိုးကြီး PDF

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်​ကျေးရွာက ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်တန်းတက်ရောက်နေတဲ့ ကျောင်းသားတွေ သေဆုံးဒဏ်ရာရရှိခဲ့ ပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲသွားလို့ ကိုရီးယားဘာသာစကား သင်တန်းတက်နေတဲ့ ကျောင်းသား ၂ ဦး သေဆုံးသွားတယ်။ ၁ ဦး ဒဏ်ရာရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတွေ သေဆုံး ဒဏ်ရာရခဲ့တာတွေအပြင် သင်တန်းကျောင်းဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နဘဲမြစ်​ရွာက နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာပါ။ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘဲနဲ့ အဲဒီရွာအပြင်က ခြံထဲမှာ ဖွင့်ထားတဲ့ ကိုရီးယား ဘာသာစကား သင်တန်းကျောင်းဆောင်ပေါ်ကို တည့်ကြဲသွားတာပါဗျာ။ ဆုံးသွားတဲ့ ကျောင်းသား ၂ ဦးက တဦးက မြင်းမူဘက်က၊ နောက်တဦးက ပြင်ဦးလွင်ဘက်ကပါ။ တင်ပါးကို ဗုံးစမှန်တဲ့ ကျောင်းသားကတော့ မန္တလေးဘက်မှာ ဆေးကုနေပါတယ်။ ကျောင်းဆင်းတဲ့အချိန်မို့ တော်သေးတယ် ပြောရမယ်။ ကျောင်းတက်ချိန်ဆို အသေအပျောက်များမှာ။ အဲဒီမှာ ကိုရီးယားစကား သင်နေကြသူတွေက အဲဒီမှာပဲ ကျောင်းအိပ် ကျောင်းစားလုပ်ပြီး နေနေကြတာ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း နဘဲမြစ်​ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နွားထိုးကြီးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ နွားထိုးကြီးမြို့နယ်က စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေ အပါအဝင် ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013