Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်း စခန်းများ ပြန်ရရေး စစ်ကောင်စီတပ် ထိုးစစ်ဆင်
DVB
·
December 1, 2024
ARMY_01122024

မန္တလေးတိုင်းမှာ ဆုံးရှုံးထားတဲ့စခန်းတွေကိုပြန်ရဖို့ စစ်ကောင်စီက ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး  မတ္တရာနယ်အနောက်ဘက် စစ်ကိုင်းတိုင်းထဲအထိ နယ်မြေပြန်ထိန်းချုပ်နိုင်ဖို့ အားစမ်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 

မန္တလေးတိုင်း၊ မတ္တရာနယ်နဲ့ သပိတ်ကျင်းနယ်တွေမှာ ဆုံးရှုံးထားတဲ့စခန်းတွေကိုပြန်ရဖို့ စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ လက်ရှိအချိန်အထိ စခန်းတွေကို ထိန်းထားနိုင်ဆဲဖြစ်တယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။ 

နိုဝင်ဘာလကုန်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ မြင်းခြံမြို့နယ်မှာ တိုက်ပွဲတွေပြန်ငြိမ်သွားပြီး ပြင်ဦးလွင်မြို့နယ်ဘက်က စခန်းတွေမှာ စစ်ကောင်စီက တပ်သားအင်အားတိုးမြှင့်ချထားတာတွေ ပြုလုပ်နေပါတယ်။ 

နွားထိုးကြီးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီက မန္တလေးတိုင်းအတွင်းမှာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ ဆက်တိုက်အသုံးပြုနေပါတယ်။ 

လတ်တလောတိုက်ပွဲအခြေအနေတွေဟာ ၂ ဖက်စလုံးအတွက် ထင်သလို မပေါက်တဲ့ အခင်းအကျင်းဖြစ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။ 

ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စစ်ရှောင်ပြည်သူအများအပြားရှိနေပြီး စစ်ရေးနဲ့ ထိခိုက်ဒဏ်ရာရသေဆုံးသူတွေရဲ့ သတင်းအချက်အလက်တွေကို PDF တွေကိုယ်တိုင်က ရယူနိုင်ဖို့ အခက်အခဲရှိနေပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “တံငါမြစ်တောင်ဘက်ခြင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေး-မတ္တရာ ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်းကတော့ စကစလက်ထဲမှာရှိတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ အားလုံးကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာရှိတယ်။ တလက်မမှ ဆုတ်ခွာရတာမရှိဘူး။ ၂၉ ရက်နေ့မနက်ပိုင်းမှာ ဥဒိန်ဘက်ကနေ မြောက်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်၊ ညနေပိုင်းမှာလည်းပစ်တာရှိတယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတယ်ဆိုတဲ့သတင်းတွေရှိတယ်။ မတ္တရာ နဲ့ ဆက်စပ်ပြီးတော့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းဘက်မှာတော့ စကစ ဘက်က ပဒူရွာရှိတဲ့ဘက်က စကစအထိုင်ကို အင်အားတိုးမြှင့်ချထားပြီးတော့ ၂၅ ရက်နေ့မှာ တကြိမ်၊ ၂၇ ရက်နေ့မှာတကြိမ် ထိုးဖောက်ဝင်ရောက်ပြီး အခြေပြုခဲ့တာရှိတယ်။ ဒါပေမဲ့ ပြန်ဆုတ်သွားပြီ၊ အားစမ်းတဲ့ သဘောတွေရှိတယ်ပေါ့နော်။ MDY PDF က တပ်စခန်းတွေကို စကစဘက်က ပြန်လည်ရရှိဖို့ ထိုးစစ်တွေ လုပ်နေပါတယ်ဆိုပြီးတော့ ထုတ်ပြန်ချက်တွေ တွေ့ရတယ်။ အဲ့ဒီထုတ်ပြန်ချက်ကလည်း မှန်ပါတယ်။ လုပ်နေပေမဲ့လည်း ထင်သလောက်တော့ ခရီးမပေါက်ဘူး။ စစ်ရဲ့သဘောတရားအရ ခွာစစ်ဆင်ရတာရှိတယ်၊ ထောက်ပို့လိုအပ်ချက်အရ မလုံလောက်လို့မို့လို့ နောက်ပြန်ဆုတ်ပေးရတဲ့အခြေအနေတွေလည်းရှိတယ်။ သပိတ်ကျင်းဘက်မှာတော့ ၇ မိုင်ရဲ့မြောက်ဘက် အုန်းနှဲကူး၊ တွင်းငယ်၊ ကျောက်ကြီး၊ တတက ၁၃၊ အဲ့ဒီဘက်မှာတော့ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်နေတာတွေရှိတယ်။ ဒါပေမဲ့ မြေပြင်သတင်းရယူဖို့အတွက် အခက်အခဲရှိတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရရဖိအားပေးမှုတချို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ယာယီရပ်ဆိုင်းသွားပြီးနောက် စက်တင်ဘာလကစပြီး စစ်ကောင်စီက မန္တလေးတိုင်းထဲမှာ နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

မန္တလေးတိုင်းထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံရတာတွေ အရှိန်တန့်သွားပြီးတဲ့နောက် စစ်ကိုင်းတိုင်းဘက်ကို စစ်ကောင်စီက စစ်ဦးပြန်လှည့်နေတာကိုလည်း တွေ့ရပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းမှာတော့ စစ်ရေးက လက်ရှိမှာ ပြင်းထန်နေတယ်လို့လည်း ပြောလို့ရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဆိုတော့ စစ်တပ်ဘက်ကလည်း စစ်ကြောင်းတွေ ထိုးလာတာရှိတယ်ပေါ့။ တော်လှန်ရေး အင်အားစုတွေကလည်း ပြန်လည်ခုခံနေတာတွေရှိတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုရင်လည်း မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲတွေရှိတယ်။ ကျွန်းလှ-ကန့်ဘလူတကြောမှာဆိုရင်လည်း စစ်တပ်ဘက်က လှုပ်ရှားနေတာတွေရှိတယ်ပေါ့။ အဲ့လိုပဲ စစ်ကိုင်းအောက်ပိုင်းမှာလည်း ဒေသတွင်းမှာ စစ်ကောင်စီအထိုင်ဂိတ်တွေကနေ နယ်မြေရှင်းလင်းရေးပုံစံလုပ်တဲ့အခါမှာ တော်လှန်ရေးဘက်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့သတင်းတွေရှိပါတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေက စစ်ရေးအရှိန်လျှော့ချလိုက်ပေမဲ့ မန္တလေးဒေသတွင်း PDF တွေက သိမ်းထားတဲ့စခန်းတွေကို လက်မလွှတ်ဘဲ ပြန်လည်ခုခံနေတာပါ။ 

မန္တလေးတိုင်းထဲမှာ စဉ့်ကူးမြို့နဲ့ မြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးကို ဇူလိုင်လထဲမှာ တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့ပြီး သပိတ်ကျင်းမြို့နယ်မှာ တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲမှာ တပ်စခန်း ၃၅ ခုအထိ သိမ်းယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ ရှမ်း-မန်းနယ်စပ် မိုးမိတ်၊ မိုးကုတ်နဲ့နောင်ချို့မြို့တွေကိုလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့အကူအညီနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013