ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းအတိုင်း ခါချဉ်တောင်ပေါ်ကို ချီတက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တေွ မိုင်းဆွဲခံရပြီး အေယာက် ၄၀ မှာ မိုင်းဆွဲခံရတဲ့နေရာမှာ သေဆုံးသွားပြီး ၁၅ ယောက်ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီတပ်ရင်း ၃၈၀၂ တပ်ခွဲ-၅ က နိုဝင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲလောက်က ဥတလုံးတောင်အနီး မိုင်းဆွဲခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးဖြစ်ခဲ့ကြောင်း တပ်ခွဲ-၅ မှ တပ်ခွဲမှူး ကိုတိမ်တိုက်က ပြောပါတယ်။
“သေဆုံးတယ်ဆိုတာက မျက်မြင်တွေ့ခဲ့တာပါ။ ပဒေသာမိုင်း ၁၀ လုံးတွဲ မိုင်းတန်း ၃ ခုနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တော့ ကျနော်တို့ဘက်က ရဲဘော်တယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တာပါ။”
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေ ဖော်ကား ၃ စီးနဲ့ ပြန်လည် သယ်ဆောင်သွားပြီး အလောင်းတွေကို လိုက်မပို့တဲ့ ကားသမားတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။
“အလောင်းသယ်ဖို့ ဘန့်ဘွေးကုန်းရွာက ကားသမားညီကိုတွေကိုလည်း ကားမလိုက်လို့ဆိုပြီး ဖမ်းဆီးထားတယ်။ ဘန့်ဘွေးကုန်း ဘုန်းကြီးကျောင်းရှေ့မှာနေတဲ့ ဟန်ထွန်း ဆိုတဲ့လူနဲ့ သူ့အစ်ကိုလို့ သိရတယ်။ ရွာသာရွာက ဆိုင်ကယ်သမား ၃ ယောက်လည်း အဖမ်းခံရတယ်တဲ့၊ ပြန်လွှတ်ပေးသံတော့ မကြားသေးဘူး။”
သေဆုံးသွားတဲ့ အလောင်းတချို့ကို တောင်အောက်မှာ ပစ်ထားခဲ့တယ်လို့ သတင်းရတဲ့အတွက်လည်း တော်လှန်ရေးရဲဘော်တွေ ရှာဖွေနေကြောင်း ရဲဘော်ဒူးယားက ဆက်ပြောပါတယ်။
သာယာဝတီခရိုင်ထဲက ပဲခူးရိုးမကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ စစ်ကြောင်းထိုး ချီတက်လာပေမဲ့ တိုက်ခိုက်ခံရပြီး ရှုံးနိမ့်မှုတွေနဲ့ ပြန်လည်ဆုတ်ခွာနေရပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်စစ်ကြောင်းထိုး ချီတက်လာနိုင်ပြီး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ်လာနိုင်တာေကြာင့် ပြည်သူတွေအေနနဲ့ ဂရုစိုက် သွားလာနေထိုင်ကြဖို့ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။