မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့ နေရာ ၄ ခုကို နိုဝင်ဘာ ၂၅ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ပြီး အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Popa Guerrila Force (PGF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ငါ့သရောက်မြို့ပေါ်က စစ်တပ်ဒေါက်တိုင်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ EPC ရုံး၊ ဆောက်လုပ်ရေးရုံး၊ ပြန်ကြားရေးရုံးနဲ့ ဆက်သွယ်ရေးရုံးတွေကို ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။”
တိုက်ခိုက်မှုအတွင်း အဆိုပါနေရာတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
Popa Guerrila Force (PGF) ရဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက “အဓိကကတော့ဗျာ မီတာခတွေ တိုးကောက်နေတဲ့ စစ်ကောင်စီရဲ့ ထောက်တိုင် EPC ရုံးပေါ့။ စစ်ကောင်စီထောက်တိုင်တွေ ပြိုလဲဖို့ လုပ်ဆောင်ခဲ့ကြတာပါ။ တခြားရုံးတွေကလည်း အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ စစ်သားတွေ တပ်စွဲနေတဲ့ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်သားတွေက အကုန်ထွက်ပြေးကုန်တာ၊ တိုက်ခိုက်မှုတွေအပြီးမှာ သူတို့ဘက်က စစ်ကူတွေတော့ လာပါတယ်။ မီးငြှိမ်းတာတွေ ဘာတွေ ဘာမှ လုပ်ပေးသွားတာ မတွေ့ရဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာ မရှိခဲ့သလို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အခြေအနေကိုလည်း စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုတွေအပြီး ငါ့သရောက်မြို့ခံတွေဟာ ပုံမှန်အတိုင်း သွားလာနေကြပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကလည်း ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Popa Guerrila Force (PGF) နဲ့အတူ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃)၊ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ငါ့သရောက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့ နေရာတွေ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။