စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “သူတို့က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတာ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လိုက်ဖျက်ဆီးနေတဲ့ စစ်တပ်က PDF တွေကို သူတို့ဆီ အလင်းဝင်ဖို့ ကြော်ငြာတယ်ဆိုတာ ကယောင်ကတမ်းတွေ လျှောက်လုပ်နေကြတာလို့ပဲ ပြောချင်တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့နယ်ထဲက မုံရွေးကျေးရွာအပြင် ချောင်းဦးမြို့နယ်ထဲက ခင်မွန်၊ မြပုလဲကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ နိုဝင်ဘာ ၂၄ ရက်ကစပြီး PDF တွေ အလင်းဝင်ဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေကြတာ ဖြစ်ပါတယ်။
Photo: ချောင်းဦး PDF
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “ခင်မွန်၊ မြပုလဲ ဆိုတာက ပျူတွေအင်အားကောင်းတဲ့ ရွာတွေပါ။ ခင်မွန်ရွာ မြပုလဲစခန်းက မုံရွာ-မန္တလေး လမ်းပေါ်မှာ ရှိနေတာပါ။ အဲဒီရွာတွေ ပတ်ဝန်းကျင်က ရွာလေးတွေမှာပဲ လိုက်ကပ်နေတာ တွေ့ရတယ်။ အဲဒါတောင် သူတို့လက်အောက်ခံ ပျူတွေကို လိုက်ကပ်ခိုင်းတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က PDF တွေ အလင်းဝင်ကြဖို့ လိုက်ကပ်နေတဲ့ ဆိုင်းဘုတ်တွေမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ၂ ခု ထည့်သွင်းထားပေမဲ့ အဆိုပါဖုန်းနံပါတ်တွေကို ဖုန်းခေါ်ဆိုရာမှာ ခေါ်ဆိုလို့မရဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်နိုင်တဲ့နယ်မြေ နည်းပါးလာနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း မကြာခဏ တိုက်ခိုက်ခံနေရလို့ သေဆုံးဒဏ်ရာရရှိသူတွေ များပြားနေတာလည်း ဖြစ်ပါတယ်။