Home
ဆောင်းပါး
ပြန်လမ်းမဲ့ အသက်
DVB
·
November 26, 2024

ရပ်ထဲရွာထဲ အလုပ်မရှိအကိုင်မရှိတော့ လောင်းကစားလုပ်ပြီး အခြေပျက်၊ သိန်း ၄၀ ဆိုတဲ့ငွေကို မလွန်ဆန်နိုင်တာကြောင့် စစ်မှုထမ်းလူငှားလိုက်သွားခဲ့တာ သိပ်မကြာ၊ အခုတော့ ရှေ့တန်းတနေရာမှာ သေသွားခဲ့ပြီလို့ ဘီလူးကျွန်းသားတဦးက သူ့ဝမ်းကွဲညီတယောက်အကြောင်း ပြောပြတယ်။

ဘီလူးကျွန်းဆိုတာက မွန်ပြည်နယ်ထောင့်ကွေး၊ မော်လမြိုင်မြို့နဲ့ နီးနီးလေးက ချောင်းဆုံမြို့တည်ရှိ ရာ ကျွန်းကြီး။ အရင့်အရင်တုန်းက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကြီးတကျွန်းကို ၂၀၁၅ ခုနှစ် ဝန်းကျင်မှာ သံလွင်မြစ်ဖြတ် တံတားထိုးလိုက်ပြီးတဲ့နောက် အရိုင်းဆန်ခဲ့တဲ့ ကျွန်းဟာ ၂ နှစ်၊ ၃ နှစ်တောင်မကြာ မြို့သားကြီး စင်စစ်ဖြစ်လို့။

ပထဝီအနေအထားက အရှေ့ဘက်မှာ သံလွင်မြစ်၊ အနောက်ဘက်မှာ ကပ္ပလီပင်လယ်၊ မော်လမြိုင်မြို့ နဲ့သာ ကုန်းလမ်းဆက်စပ်နေတာကြောင့် တော်လှန်ရေးနဲ့လည်း လှမ်းလှမ်း။ PDF ဆိုတာက ပင်လယ်ကြီးကို ဖြတ်ကူးမှ ဘီလူးကျွန်းဆီ အန္တရာယ်ကင်းကင်းနဲ့ ရောက်လာနိုင်မှာမို့ ဘီလူးကျွန်းသည် PDF ကင်းစင်နယ်မြေ။ မွန်ဝန်ကြီးချုပ်ခွင့်ပြုချက်နဲ့ တရားဝင်ဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေပေါပ။ စစ်ကောင်စီ ထင်ရာစိုင်း ခွင့်ရနေတဲ့ဒေသ။

အဲဒါကြောင့်လည်း ၂၀၂၄ ခုနှစ်၊ သင်္ကြန်မတိုင်ခင် အဓမ္မစစ်မှုထမ်းအပတ်စဉ် ၁ ခေါ်တော့ မွန်ပြည်နယ်၊ ၁၀ မြို့နယ်ထဲမှာ ဘီလူးကျွန်း ချောင်းဆုံမြို့က ခွဲတမ်းအများဆုံး ၇၅ ဦး ပေးခဲ့ရ။ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ဘီလူးကျွန်းဇာတိသားလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းအဖြစ် ဝင်ရွေးချယ်ရာမှာ အရှုံးကြီး ရှုံးခဲ့သူလည်း ဖြစ်တာကြောင့် နေပြည်တော်စစ်ဗိုလ်ချုပ်တွေကို မျက်နှာလုပ်တာရော ဘီလူးကျွန်းသားတွေကို ငြိုးတဲ့အငြိုးကြောင့်ပါ စစ်မှုထမ်းခွဲတမ်း အများဆုံးချပေးခဲ့တာလို့ ဒေသခံတွေက ထင်မြင်ကြတယ်။

၇၅ ဦးဆိုတော့လည်း ဘယ်သူက ကန့်ကွက်ရဲမှာလဲ။ ဘီလူးကျွန်းသားတွေ လူငှားခေါ်ဖို့ ရပ်ကျေးအုပ် ကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ပြာယာခတ်ကြရတယ်။ ဘီလူးကျွန်း ချောင်းဆုံမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၇ စု ရှိတာမို့ အိမ်ထောင်စုများတဲ့ တချို့ကျေးရွာအုပ်စုတွေက စစ်မှုထမ်းခွဲတမ်း ၂ ယောက်ကျ။

“စစ်မှုထမ်းသင်တန်းဆင်းရင် ကိုယ့်ဇာတိနားမှာပဲ ပြန်တာဝန်ချပေးမယ်လို့ သူတို့အုပ်ချုပ်ရေးက ကောင်တွေက ပြောတာနဲ့ အလုပ်မရှိတဲ့ ချောင်းဆုံသားတွေလည်း ပိုက်ဆံမက်ပြီး အငှားလိုက်သွားတာ။ ကျနော့်ညီဆိုလည်း သင်တန်းကျောင်းမှာ ချောင်ရင် ပြေးမယ်။ မချောင်ရင်လည်း တပ်ထဲရောက်ရင် ပြေးမယ်ဆိုပြီး လိုက်သွားတာ” လို့ ကျနော့်မိတ်ဆွေ ဘီလူးကျွန်းသားက ဆက်ပြောပြတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ တုန်းက ဘီလူးကျွန်းမှာ စစ်မှုထမ်း လူငှားခပေါက်ဈေးက ကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ အထိ။ ကျေးရွာအုပ်စုအလိုက် ပေါက်ဈေးမတူ။ ဘီလူးကျွန်းသားနည်းနည်းနဲ့ ဘီလူးကျွန်းမှာ လာအလုပ်လုပ်နေတဲ့ တခြားဒေသခံများက အငှားလိုက်ကြတာကြောင့် အဓမ္မသတ်မှတ်ခြင်းခံရတဲ့ ခွဲတမ်းက အလွယ်တကူပဲ လူပြည့်သွားတယ်။

မွန်ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၁ ကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာက အမှတ် ၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ဖွင့်လှစ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရှုံးပြီးနောက် စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ဖြစ်လာသူ အောင်ကြည်သိန်းက အခု ရောက်လာတဲ့ အပတ်စဉ် ၁ သင်တန်းသားတွေဟာ တိုင်းချစ်ပြည်ချစ် တပ်မတော်ချစ်စိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ရောက်ရှိလာကြတာလို့ ဗြောင်လိမ် ဗြောင်စား ဗြောင်စကားပြောကာ အရှက်နည်းခဲ့သေးတယ်။

အပတ်စဉ် ၁ သင်တန်းလည်း ဆင်းရော သင်တန်းဆင်းဆင်းချင်း ခွင့် ၅ ရက်ပေးပြီး အိမ်ခဏ ပြန်ခွင့်ပြုမယ်ဆိုတာလည်း ပျက်ပြယ်။ ဇာတိမြို့ရွာနား တာဝန်ပြန်ချကာ မြို့အဝင်အထွက်ဂိတ်တွေမှာ ကင်းလေး ဘာလေးလောက် စောင့်ခိုင်းမယ်ဆိုတဲ့အသံလည်း ပျောက်ဆုံး။ သင်တန်းတက်ခါစမှာ အသံတွေ ချိုခဲ့သမျှ ဘီလူးဆိုင်း စတီးတော့တယ်။

“စစ်သားမှာ ဆင်ခြေဆိုတာ မရှိဘူး။ အထက်က ပေးတဲ့အမိန့်အတိုင်း လုပ်ရမယ်လို့ပြောပြီး သူတို့ အပတ်စဉ် ၁ ဆင်းတွေကို အသေတိုက်ရတဲ့ ရှေ့တန်းတွေ တန်းပို့တာဆိုပြီး ဖုန်းရတဲ့အချိန်တုန်းက ကျနော့်ညီ ပြောပြတယ်” လို့ ဘီလူးကျွန်းသားက ဆိုတယ်။

သံဖြူဇရပ်၊ အမှတ်၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ ဆင်းလာတဲ့ အပတ်စဉ် ၁ တွေကို သင်တန်းပြီးတာနဲ့ ဆောက်နဲ့ထွင်း။ ရခိုင်၊ ထားဝယ်၊ စစ်ကိုင်းနဲ့ နောက်ပိုင်းမှာ ရှမ်း- ကရင်နီနယ်စပ်တွေဆီ ပို့တယ်လို့ သိရ။ သေနတ်သံကိုတောင် အသေအချာ မယဉ်ပါးသေးတဲ့ သင်တန်းဆင်းတွေကို သောက်သောက်လဲသေနေတဲ့ နေရာတွေချည်း ရွေးပို့တာဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မေတ္တာကြီးမှုလို့ပဲ ဆိုရမယ်ထင်တယ်။

“ကျနော့်ညီက သင်တန်းမှာတုန်းက ပြေးမလို ကြံသေးတယ်။ မရဘူး။ သင်တန်းဆင်းပြီးတော့ ခွင့်ရရင် ပြေးမယ်ပေါ့။ ခွင့်လည်း မရဘူး။ တခါတည်း ရှေ့တန်းရောက်တယ်။ အဲမှာလည်း ပြေးဖို့ အဆင်မပြေသေးပြန်ဘူး။ သူက ပြေးပြီးရင် ထိုင်းမှာ အလုပ်သွားလုပ်ဖို့ ရည်မှန်းထားတာ။ အခုတော့ သေပြီဆိုတဲ့ ခိုင်လုံတဲ့သတင်း ရောက်လာတယ်” လို့ ဘီလူးကျွန်းသားက ပြောပြပါတယ်။

သူတို့ဆွေမျိုးစုမှာက အခုလို လူငှားလိုက်ရင်း အိမ်ပြန်မလာနိုင်တော့တဲ့ အဘိုးလေးတယောက်ရဲ့ ဖြစ်စဉ် ရှိခဲ့ပြီးသားမို့ အခုမြေးဖြစ်သူက စစ်ထဲ အငှားလိုက်မယ်ဆိုတော့ ဆွေတွေမျိုးတွေက အကုန် ဝိုင်းတားကြသေးတယ်။ မလုပ်နဲ့ သေသွားမယ်၊ အဘိုးလေးတုန်းကလည်း သေတာပဲလို့ ဝိုင်းပြောကြပေမဲ့ လောင်းကစားကြောင့် အကြွေးနက်နေတော့ တားမရ။ အခုတော့ သူတို့ အဘိုးလေး သွားရာလမ်းအတိုင်း။ သူတို့ အဘိုးလေးတုန်းကတော့ ပေါ်တာအငှားလိုက်ခဲ့တာတဲ့။ ၁၉၈၀ ပြည့်နှစ်ကျော်ကာလ၊ မဆလ စစ်တပ်က ကေအန်ယူကို နင်လားငါလား တိုက်နေတဲ့ကာလ။ မွန်နဲ့ ကရင်ဒေသရှိ မြို့ရောတောမှာပါ အမျိုးသားတွေကို အဓမ္မပေါ်တာဆွဲပြီးနောက် ပေါ်တာထပ်ဆွဲလို့ မရတော့တဲ့အချိန်မှာ မွန်ပြည်နယ်က ပြည်သူတွေကို ဒုက္ခပေးချက်။ အခု မြို့နယ်အလိုက် စစ်မှုထမ်းခွဲတမ်းပေးရသလို အဲဒီတုန်းကလည်း ပေါ်တာခွဲတမ်းပေ။ ဒေသခံ ပြည်သူတွေက ပေါ်တာကြေးအဖြစ် ခွဲတမ်းကျ ငွေထည့်ဝင်ကာ ပေါ်တာငှားခဲ့ရတယ်။

အဲဒီတုန်းက ပေါ်တာငှားရမ်းခ အမြင့်ဆုံးပေါက်ဈေး ကျပ် ၂၅၀၀ ကျော်။ ကာလတချို့မှာ ကျပ် ၁၇၀၀ လောက်အထိ ဈေးကျ။ အဲဒီတုန်းက ရပ်ထဲရွာထဲ အလုပ်အကိုင်လည်း ကျပန်း၊ မိုက်တိမိုက်ကန်း ဆိုတဲ့ ဘီလူးကျွန်းသားတွေပဲ ပေါ်တာ အငှားလိုက်ကြ။ ကျနော့်မိတ်ဆွေရဲ့ အဘိုးလေးက လူရည်လည်တဲ့ လူပျိုလူလွတ်မို့ တက်တက်ကြွကြွနဲ့ ပေါ်တာအငှားလိုက်သွားတယ်။

အဲဒီခေတ်တုန်းက လူသားဒိုင်းအဖြစ် ပေါ်တာတွေကို ရှေ့ဆုံးတန်းကနေ အသေခံခိုင်းတာမျိုး မရှိသေးပေမဲ့ ပေါ်တာတွေက ရှေ့တန်းထိအရောက် လက်နက်နဲ့ ရိက္ခာတွေသယ်ပြီး လိုက်ကြရတော့ အပြန်အလှန် ပစ်ခတ်မှုတွေကြား အတွေ့အကြုံမရှိတာကြောင့် ကျည်သင့်သေကြရ။ မသေလို့ နောက်တန်း ပြန်လာရပြီဆိုရင်တော့ ကိုယ့်ဇာတိရပ်ရွာ ကိုယ့်အစီအစဉ်နဲ့ ပြန်ခွင့်ရ။

ပေါ်တာတခေတ်ကို ကောင်းကောင်းမီခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် သထုံမြို့သားတဦးက “ပေါ်တာအငှားလိုက်သွားပြီး ရှေ့တန်းကနေ ပြန်လာတာပဲဖြစ်ဖြစ်၊ လမ်းခရီးမှာပဲ ထွက်ပြေးတာ ဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ဖြစ်ဖြစ် လွတ်လာလို့ ဇာတိပြန်ရင် ဘယ်အာဏာပိုင်ကမှ ပြဿနာမရှာဘူး” လို့ ပြောပြတယ်။

ကျနော့်မိတ်ဆွေ ဘီလူးကျွန်းသားရဲ့ အဘိုးလေးက လူရည်လည်သူမို့ ပေါ်တာငှားရမ်းခ ရတဲ့အထဲက ကျပ် ၅၀၀ လောက် အိတ်ထဲထည့်သွားကာ ရှေ့တန်းမထွက်မီ တပ်စခန်းတခုခုမှာ ခေတ္တနေရစဉ် ကင်းသမား စစ်သားတွေကို လာဘ်ထိုးပြီး ထွက်ပြေးတော့တယ်။

သူတို့ ပေါ်တာအငှားလိုက်သူတွေကြား အဲဒီလို လာဘ်ထိုးပြီး ထွက်ပြေးသူ များလာတာကြောင့် နောက်ပိုင်းမှာ မပြေးနိုင်အောင် ကင်းတွေကို တင်းကျပ်လာ။ သူတို့အဘိုးလေးက ၃ ခေါက်မြောက်အထိ အဲဒီလို နည်းနဲ့ ရှေ့တန်းမလိုက်ရဘဲ လွတ်ခဲ့တယ်။

“၄ ခေါက်မြောက်မှာတော့ လာဘ်ထိုးလို့ မရတော့လို့ ထင်တယ်။ ရှေ့တန်းပါသွားတယ်လို့ ပြန်ကြား တယ်။ အဲဒီကစလို့ ပြန်မလာတော့တာ အခုထိပဲ” ဟု ဘီလူးကျွန်းမိတ်ဆွေက ဆက်ပြောပြတယ်။

အခုလည်း သူ့ညီဝမ်းကွဲက သူတို့ အဘိုးလေးလမ်းစဉ်အတိုင်း ပြန်မလာနိုင်။ ဘာပဲဖြစ်ဖြစ် သူ့အသက်နဲ့ရင်းပြီး သူ့အကြွေးတွေကျေအောင် ဆပ်သွားတာပဲလို့ သူတို့ဆွေမျိုးစု ဖြေကြရ။ ဒီခေတ်ဆိုးကြီးက နေ့စဉ် မပျက်မကွက် ထုတ်လွှင့်နေတဲ့သတင်းက သေစာရင်းတွေချည်း မဟုတ်လား။ စစ်ကောင်စီက လူငယ်တွေကို စစ်တပ်ထဲ အဓမ္မထည့်၊ သူတို့အာဏာစက် သက်ဆိုးရှည်ရေးအတွက် မြေဩဇာနိုင်နိုင်ကျွေးနေသလို အသက်တွေနိုင်နိုင်ခင်းကာ ရှေ့ဆက်။ အသက်တွေက သိပ်ဈေးပေါလွန်းနေတော့ ကွေးသောလက် မဆန့်မီ သေမယ်ဆိုတာတောင် မသိဘဲ သေသွားကြရှာသူ သိပ်များလှ။ မသေသေးတာ ကံကောင်းနေသေးတာကြောင့်လို့ ဆိုပေမဲ့ အရှင်လတ်လတ် အစာအိမ်ဟောင်းလောင်းနဲ့ အငတ်ဘေးသင့်၊ ရှင်လျက်နဲ့ ငရဲကျနေသလို ဘဝတွေကလည်း လက်ညှိုးထိုးမလွဲ များလွန်းနေတာကြောင့် ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာ အံတင်းတင်းကြိတ် ကြည့်မိ။

နောင်ဘဝအဆက်ဆက် လူပြန်ဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံမှာ လူပြန်မဖြစ်ဖို့သာ ဆုတောင်းမိတယ်လို့ မိတ်ဆွေ ဘီလူးကျွန်းသားက ဆိုလိုက်ပုံ နားစည်တခုလုံး ဝုန်းဒိုင်းကြဲ တုန်ခါသွားတော့တယ်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024